GENERAL AUNG SAN.::R.I.P::.

Download more awesome themes for your blogger platform #templatetrackers Follow us @ Google+ and get weekly updates of new templates we release regularly

အမျိုးသား ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းက တိုင်းရင်းသားတွေ စည်းလုံး ညီညွတ်ပြီး လွတ်လပ်ရေး ပန်းတိုင်ကို ချီတက်ဖို့အတွက် သမိုင်းဝင် ပင်လုံ အစည်းအဝေးကြီး (၁၉၄၇)မှာ အခက်အခဲ အကျပ်အတည်း တွေနဲ့ ရင်ဆိုင် ရပြီးတော့မှ ပင်လုံစာချုပ်ကြီးကို (၁၂၊၂၊၁၉၄၇) နေ့မှာ ချုပ်ဆို နိုင်ခဲ့ပါတယ်။ ပင်လုံစာချုပ် လက်မှတ်ရေးထိုးစဉ်က တည်ဆောက်ခဲ့ရတဲ့ စိတ်ဓာတ်ကို နောင်အခါ ပင်လုံစိတ်ဓာတ်လို့ မွန်မွန်မြတ်မြတ် ကမ္ပည်းထိုးနိုင် ခဲ့ပါတယ်။ အလွယ်တကူဆောင်ရွက်လို့မရခဲ့သလို တိုင်းရင်းသားများ သွေးစည်း ချစ်ကြည်ရေးဟာ ရေရှည်တည်တံ့ခိုင်မြဲဖို့ လိုပါတယ်။ သိမ်မွေ့ပြီး သိပ်ပြီးလည်း အကဲဆတ်ပါတယ်။ (၁၉၄၅)ခုနှစ်မှ (၁၉၄၈)ခု နှစ်အထိ လွတ်လပ်ရေးကြိုးပမ်းမှုကာလမှာ ရွှေတိဂုံဘုရား အလယ်ပစ္စယံ ဖဆပလအဖွဲ့ချုပ် ညီလာခံကြီး (၁၉၄၆)၊ အောင်ဆန်းအက်တလီ စာချုပ် (၁၉၄၇)နဲ့ သမိုင်းဝင် ပင်လုံအစည်းအဝေးကြီး (၁၉၄၇) တို့ဟာ တစ်ခုနဲ့တစ်ခု ဆက်စပ်နေတဲ့ ဖြစ်စဉ်ကြီး(၃)ရပ် ဖြစ်ပါတယ်။ ပထမဖြစ်ရပ်က ကိုလိုနီဘုရင်ခံ ဆာဒေါ်မန်စမစ်နဲ့ နန်းရင်းဝန်ဆာပေါ်ထွန်းရဲ့ လက်ထက်မှာဖြစ်ခဲ့ပြီး ဒုတိယနဲ့ တတိယဖြစ်စဉ်ကြီး (၂)ရပ်ကတော့ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)၊ အမှုဆောင်ကောင်စီ (နောင်အမျိုးသားယာယီအစိုးရ) ဒုတိယ ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်း ကိုယ်တိုင် ဦးစီးပြီး ပြုလုပ်တဲ့ ဖြစ်စဉ်ကြီးတွေပါပဲ။ အဲဒီသမိုင်းဝင်ဖြစ်စဉ်ကြီး (၃)ရပ်ဖြစ်ပေါ်မလာရင် မြန်မာပြည်ရဲ့ လွတ်လပ်ရေးဟာ (၄၊၁၊၁၉၄၈) နေ့မှာ ရရှိမှာမဟုတ်သလို ယခုပြည်နယ် ဒေသတွေရဲ့ လွတ်လပ်ရေးဟာလည်း နောက်ထပ်နှစ်ပေါင်း (၃ဝ)လောက် ကြာသွားနိုင်တယ်လို့ သုတေသနပြုကြရပါတယ်။ ရွှေတိဂုံအလယ်ပစ္စယံ ဖဆပလညီလာခံ စစ်ပြီးခေတ်မှာ ဘုရင်ခံ ဆာဒေါ်မန်စမစ်ဟာ စက္ကူဖြူစီမံကိန်းကို ကိုင် လာပြီး ဆင်းမလားမြို့က ပြန်ရောက်လာတယ်။ ဖက်ဆစ်တော်လှန်ရေးအပြီး ဗိုလ်ချုပ်အောင် ဆန်းတို့ရဲ့ ဖဆပလအဖွဲ့ချုပ်ကြီးက ခေတ်နောက်ပြန်ဆွဲ အဲဒီစီမံကိန်းကို အကြီးအကျယ်ကန့်ကွက်တယ်။ (၁၇၊၁၊၄၆)နေ့ကစပြီး (၂၃၊၁၊၄၆)နေ့ အထိ ဖဆပလအဖွဲ့ချုပ်ကြီးရဲ့ ပထမအကြိမ်ညီလာခံကြီးကို ရွှေတိဂုံဘုရား အလယ်ပစ္စယံမှာ ကျင်းပတယ်။ လူထုတစ်သိန်းတက်ရောက် တယ်။ သဘာပတိက ဗိုလ်ချုပ်အောင်ဆန်းဖြစ်တယ်။ အဲဒီအဖွဲ့ချုပ်ကြီးကို ပါတီတွေ၊ တိုင်းရင်းသားအဖွဲ့တွေနဲ့ လူထုလူတန်းစားအဖွဲ့ (၁၅)ဖွဲ့ပါဝင်တဲ့ တပ်ဦးကြီးအသွင်ဖွဲ့ကြတယ်။ ကွန်မြူနစ်၊ ဆိုရှယ်လစ်၊ မျိုးချစ်၊ ဆင်းရဲသား -ဝံသာနု၊ တို့ဗမာအစည်း အရုံးတွေ ပါဝင်တဲ့ အဖွဲ့ချုပ်ကြီးဖြစ်လာတော့ မြန်မာနိုင်ငံရေးသမိုင်းမှာ အညီညွတ်ဆုံးကာလပဲလို့ အမွှန်းတင်ကြရတယ်။ ဒီညီလာခံကြီးရဲ့ ဆုံးဖြတ်ချက် အဆို(၁၈)ရပ်ကို တင်သွင်းကြ/ ထောက်ခံကြနဲ့ မြန်မာပြည်ကြီးရဲ့ အနာဂတ်ကို ပုံဖော်ခဲ့ကြတယ်။ 'အမျိုးသားညီညွတ်ရေး အဆို'ကို အဖွဲ့ချုပ်ဥက္ကဋ္ဌ ဗိုလ်ချုပ်အောင်ဆန်းက တင်သွင်းတယ်။ အဲဒီအဆိုတွေအနက် အဆိုအမှတ်(၆) တိုင်းရင်းသားလူနည်းစု အရေးအဆိုကို ဒီးဒုတ်ဦးဘချိုက တင်သွင်းတယ်။ အဆိုအမှတ်(၇) နယ်ခြားဒေသများအား မြန်မာပြည်မနဲ့ ပေါင်းစည်းရေးအဆိုကို ဦးဖေခင်(နောင်သံအမတ်ကြီး)က တင်သွင်းတယ်။ အဲဒီအဆိုတွေ အားလုံးဟာ တိုင်းရင်းသားညီနောင်များရဲ့ အကျိုးစီးပွားအတွက် နောင်တော် ဖဆပလအဖွဲ့ချုပ်ကြီးက မမေ့မလျော့ဘဲ ဦးဦးဖျားဖျား တင်သွင်းကြ၊ ထောက်ခံကြနဲ့ ညီညီညွတ်ညွတ်ရှိခဲ့ကြတယ်။ အဲဒီမှာ ထူးခြားတာက ရှမ်းပြည်နယ်က ဧည့်သည်အဖြစ် ရောက်လာကြတဲ့ ဦးတင်ဧ၊ ဦးထွန်းမြင့်၊ ဦးခွန်ထီးစတဲ့ လူငယ်(၉)ဦးက ဦးဖေခင်ရဲ့အဆိုကို ထောက်ခံကြောင်း၊ စာနဲ့ရေးသားတင်ပြလို့ ဖဆပလအဖွဲ့က သခင်ဝတင်က ဖတ်ကြားခဲ့တယ်။ သွေးခွဲအုပ်ချုပ်ရေးအရ ပြည်နယ်ပြည်မ ဖြတ်သန်းခွင့်မပြုတဲ့ အင်္ဂလိပ်ရဲ့ အက်ဥပဒေက ရှိတယ်။ ရှမ်းပြည်နယ်က လူငယ်တွေလျှို့ဝှက်ပြီး တက်ရောက်ကြရတယ်။ ဖဆပလအဖွဲ့ချုပ်ကလည်း ရှမ်းပြည်နယ်မှာ စည်းရုံးရေးဒေသ ဖွင့်လို့မရသေးပါ။ နောက်ပိုင်းမှာ ဖဆပလအဖွဲ့ဝင် (၁၃)ဦးနဲ့ ရှမ်းပြည် နယ်ကလူငယ်ကိုယ်စားလှယ်(၁ဝ) ဦးတို့ ရန်ကုန်မြို့မှာ (၈၊၂၊၄၆)နေ့မှာ အသေးစိတ် ဆွေးနွေးကြတာ ရှိတယ်။ ချင်း၊ ကချင်၊ ရခိုင်ကိုယ်စားလှယ်တွေနဲ့ ဖဆပလ အဖွဲ့ချုပ်အမှုဆောင်တွေ ဆွေးနွေးကြတဲ့ မှတ်တမ်းတွေ ရှိခဲ့တယ်။ ဖဆပလ အဖွဲ့ဝင်တစ်ဦး စကားမှားလို့ ဦးတင်ဧက ကန့်ကွက်စာ ပို့ခဲ့တာကို ကွန်မြူနစ်ပါတီရဲ့ ပြည်သူ့အာဏာဂျာနယ်မှာ ဖဆပလနဲ့ ရှမ်းတွေ ကွဲကုန်ကြပြီလို့ ဖွလိုက်ကြသေးတယ်။ ရှမ်းပြည်နယ်ရဲ့ ဖွံ့ဖြိုးတိုးတက်မှု (၁၉၃၈)ခုနှစ် ကတည်းက ဦးတင်ဧတို့ အဖွဲ့က အလင်းရောင် စာကြည့်တိုက်ကို ညောင်ရွှေမြို့မှတည်ထောင် ခဲ့တယ်။ တခြားမြို့တွေမှာလည်း စာကြည့်တိုက်ခွဲတွေ ရှိတယ်။ နဂါးနီတိုက်က ထုတ်ဝေတဲ့ စာအုပ်တွေရှမ်းပြည်နယ်ကို ရောက်ခဲ့တယ်။ ရှမ်းလူငယ်တွေ နယ်ချဲ့ဆန့်ကျင်ရေး၊ ပဒေသရာဇ်ဆန့်ကျင်ရေးနဲ့ လွတ်လပ်ရေးတိုက်ပွဲ အတွက် အဆင်သင့် ဖြစ်နေပြီ။ ဂျပန်ခေတ်(၁၊၁၊၄၄) ရက်မှာ အာရှလူငယ်အသင်းကို တောင်ကြီးမြို့မှာ ဖွဲ့စည်းခဲ့တယ်။ (၁၃၊၄၊၄၃)ရက် ကတည်းက တောင်ကြီးမှာ အလင်းရောင်စာကြည့်တိုက် အသင်းကြီးဖွဲ့စည်းခဲ့တယ်။ စစ်ပြီးခေတ်မှာ ဦးတင်ဧတို့အဖွဲ့ဟာ ရှမ်းပြည်နယ်လွတ်လပ်ရေးအဖွဲ့ (ရပလ)ကို ဦးဆောင်ဖွဲ့စည်းကြတယ်။ ရပလအဖွဲ့ဟာ ပဒေသရာဇ်စနစ်ကို မကြိုက်ကြသလို နယ်ချဲ့ဆန့်ကျင်ရေး စိတ်ဓာတ်လည်း ရှိခဲ့ကြတယ်။ (၂ဝ၊၁၁၊ ၄၆) ရက်မှ (ရပလ)အဖွဲ့ အတွင်းရေးမှူး ဦးထွန်းမြင့်နဲ့အဖွဲ့တွေဟာ ရန်ကုန်မြို့၊ ဆန်းကဖီးမှာ ဗိုလ်ချုပ်အောင်ဆန်းတို့ရဲ့ ဖဆပလအမှုဆောင်တွေနဲ့ ဆွေးနွေးမှု ပြုခဲ့တယ်။ ဖဆပလအဖွဲ့က လူကြီးတွေက ရှမ်းလူငယ်တွေကို ပဒေသရာဇ် ဆန့်ကျင်ရေးက အချိန်မတန်သေးကြောင်း၊ တိုင်းရင်းသားအားလုံး ညီညွတ်ရေးနဲ့ လွတ်လပ်ရေးကိုသာ ဂရုစိုက်ပြီး ဆောင်ရွက်စေလိုကြောင်း အကြံပြုခဲ့ကြတာလည်း နောက်ပိုင်းမှာ ထင်ရှားလာတယ်။ မြန်မာဘုရင်များနဲ့ ရှမ်းပဒေသရာဇ်တွေ အကြီးအကျယ် စိတ်ဝမ်းကွဲကြတာ မရှိပါ။ နယ်ချဲ့ရဲ့ ကိုလိုနီဘဝကို အတူရောက်ခဲ့ကြတာပဲ။ ပြည်မမှာ အင်္ဂလိပ် ကဗျူရိုကရေစီ ယန္တယား တပ်ဆင် လာပေမယ့် တောင်ကုန်းထူထပ်တဲ့ ဒေသတွေမှာ အုပ်ချုပ်ဖို့ ခက်ခဲလို့လည်း ဒေသအလိုက် သင့်သလို အုပ်ချုပ်ကြရင်း ပဒေသရာဇ်စနစ်က မဖျက်သိမ်း နိုင်သေးပါ။ ဆာနပ်ခေါ်တဲ့ စော်ဘွား ခန့်အပ်လွှာတွေ ပေးအပ်ပြီး စော်ဘွားအုပ်ချုပ်ရေးနဲ့ စခန်းသွားခဲ့တာပဲ။ ထိန်းချုပ်လာနိုင်တဲ့ အခါ တောင်တန်းဒေသ အုပ်ချုပ်ရေး ဥပဒေတွေ ပြဋ္ဌာန်းလာတယ်။ မျက်နှာဖြူ အရာရှိတွေ ရှမ်းပြည်နယ်မှာ သူတို့ကြိုက်တဲ့ ဘာသာရပ်တွေကို ထိန်းချုပ်လာတယ်။ သတ္တု/သစ်တောကဏ္ဍ စတာတွေမှာ စော်ဘွားတွေရဲ့ အကြိုက် ဖြစ်မလာတာ သေချာတယ်။ အများအားဖြင့် စော်ဘွားတွေဟာ ပြည်ပ ပညာတော်သင်လည်း ရောက်ခဲ့ကြပြီ။ အမြော်အမြင်ကြီးတဲ့ ပုဂ္ဂိုလ်တွေ၊ ခေတ်မီတဲ့ ပုဂ္ဂိုလ်များလည်းရှိတယ်။ ပြည်မက ခေါင်းဆောင်တွေနဲ့ အနေစိမ်းကြတယ်။ ဒါကို နယ်ချဲ့ အရာရှိတွေကလည်း သူတို့လိုသလို ပုံသွင်း၊ အကြံပေးတာတွေရှိတယ်။ ဒါပေမယ့် ဗိုလ်ချုပ်ကို ယုံကြည်ကြတာကြောင့်လုပ်ငန်းတော်တော်များများ အဆင်ပြေခဲ့ရတယ်။
ဒုတိယကမ္ဘာစစ်ရဲ့ ဒဏ်ရာဒဏ်ချက်တွေဟာ တောင်ပေါ်ဒေသတွေလည်း မလွတ်ခဲ့ပါဘူး။ (၁၉၄၅)ခုနှစ် အလယ်မှာ မိုင်းပွန်စော်ဘွားကြီး (နောင်အာဇာနည်)ရဲ့ မဟာဒေဝီ အသုဘအခမ်းအနား ကျင်းပတော့ ရှမ်းပြည်နယ်က နယ်ရှင်စော်ဘွားကြီးတွေ ရောက်ရှိလာကြတယ်။ ခရီးကြုံကြိုက်တုန်း ကမ္ဘာ့အရေး၊ မြန်မာ့အရေးကို ဆွေးနွေးခဲ့ကြတယ်။ ညောင်ရွှေစော်ဘွားကြီး စဝ်ရွှေသိုက်၊ မိုင်းပွန်စော်ဘွားကြီး စဝ်စံထွန်းနဲ့ သထုံမြို့စားကြီး စဝ်ခွန်ကြည်တို့က ဦးဆောင် ဆွေးနွေးတယ်။ မြန်မာပြည်မက ဖဆပလအဖွဲ့ချုပ်ရဲ့ လွတ်လပ်ရေး ကြိုးပမ်းမှုကိုလည်း သိနေတယ်။ ရှမ်းပြည်နယ်အရေး ဆွေးနွေးကြဖို့၊ နောက်တစ်ကြိမ် မိုင်းကိုင်မြို့မှာ ဆုံတွေ့ကြဖို့ သဘောတူကြတယ်။ (၆၊၁၁၊၄၅)ရက် မိုင်းကိုင်မြို့မှာ တွေ့ဆုံကြတော့ ဘုရင်ခံထံ တင်သွင်း မယ့်စာကို ဆွေးနွေးကြတယ်။ တောင် ပိုင်စော်ဘွားကြီး စဝ်ခွန်ပန်းစိန်က သဘာပတိအဖြစ် ဆောင်ရွက်တယ်။ စော်ဘွားများကောင်စီအမှုဆောင်အဖွဲ့ ဖွဲ့စည်းဖို့စီစဉ်ကြတယ်။ (၁၄၊၁၁၊၄၆) ရက်မှာဘုရင်ခံထံကို(က) ရှမ်းပြည်နယ် ကိုယ်ပိုင်အုပ်ချုပ်ရေး (ခ) တန်းတူညီမျှ အခွင့်အရေးရရှိရေး (ဂ) ခွဲထွက်နိုင်ခွင့် စတဲ့ အချက်(၃)ချက်ပါတဲ့စာကို တင် သွင်းတယ်။ တောင်တန်းဒေသ ညွှန်ကြားရေးဝန် မစ္စတာစတီဗင်ဆင် လားရှိုးကို ရောက်လာတယ်။ စတီဗင်ဆင်နဲ့ ဆွေးနွေးပြီးနောက် စော်ဘွားတွေဗြိတိသျှ တောင်တန်းဒေသ အုပ်ချုပ်ရေးထဲမှာပဲ နေထိုင်လိုတယ်လို့ ဆိုပြန်တယ်။ ပြည်မခေါင်းဆောင်တွေ ကတော့ စတီဗင်ဆင် ရောက်လာပြီးမှ စော်ဘွားတွေ တွေဝေသွားတယ်လို့ မှတ်ချက်ချကြတယ်။ ပထမပင်လုံအစည်းအဝေး(၁၉၄၆) သံအမတ်ကြီး ဦးဖေခင်ရဲ့ အဆိုအရ ပင်လုံမှာ(၁၉၄၆)နဲ့ (၁၉၄၇) ခုနှစ် တွေမှာ အစည်းအဝေး(၂)ကြိမ် လုပ်ခဲ့တယ်။ ရန်ကုန်က အုပ်ချုပ်ရေးပိုင်းနဲ့ နိုင်ငံရေးပါတီတွေကိုဖိတ်တယ်။ ဖဆပလအဖွဲ့ချုပ်ဒုဥက္ကဋ္ဌ သခင်နု၊ မန်းဘခိုင် နဲ့ဦးဘဂျမ်းတို့တက်ရောက်ခဲ့ကြတယ်။ မျိုးချစ်ပါတီကဂဠုန်ဦးစောတက် ရောက်ခဲ့တယ်။ ဘုရင်ခံ ဆာဟူးဘတ်ရန့်(စ်)က နေမကောင်းလို့မလာနိုင်။ ဗိုလ်ချုပ်က ရခိုင်ခရီးစဉ်နဲ့ တိုက်ဆိုင်နေလို့ မတက်နိုင်ပါ။ နိုင်ငံရေးဆန်တဲ့ အစည်းအဝေး လုပ်လို့မရလို့ စက်မှုလက်မှုပြပွဲလို့ ခေါင်းစဉ်တပ်တယ်။ တကယ်လည်း စက်မှုလက်မှုပြပွဲလည်း လုပ်တယ်။ နိုင်ငံရေး ဆွေးနွေးပွဲလည်းပါတယ်။ (၂ဝ၊၃၊၄၆)ရက်မှာ ရှမ်းပြည်နယ်စက်မှုလက်မှုပြပွဲကို ပင်လုံမြို့မှာကျင်းပ တယ်။ အင်းလေးကပိုးထည်၊ မိုင်းကိုင်က စက္ကူ၊ မိုးနဲက ငွေဓား၊ ကျိုင်းတုံက ယွန်း-ရွှေထည်၊ လင်းခေးမြို့က ဗာဂျီးနီယားဆေးတွေကို ပြသခဲ့တယ်။ လင်းခေးဦးထွန်းမြင့်က ဗာဂျီးနီးယားဆေးစိုက်ပျိုးမှု စာတမ်းဖတ်တယ်။ ဦးတင်ဧ က ပညာရေးနဲ့ပတ်သက်ပြီးဟောပြောတယ်။ ကချင်၊ ချင်း၊ ကရင်နီ(ကယား) ကိုယ်စားလှယ်တွေ ကိုလည်း ဖိတ်တယ်။ ဒါဖြင့်ရင် ရှမ်းပြည်နယ်က ခေါင်းဆောင်တွေဟာ ရန်ကုန်မြို့က နိုင်ငံရေး ပါတီတွေကို သာမက တောင်တန်းဒေသက ပုဂ္ဂိုလ်တွေကိုပါ ဖိတ်ကြားပြသ ဆွေးနွေးတဲ့ စက်မှု လက်မှုပြပွဲနဲ့ နိုင်ငံရေးဆွေးနွေးပွဲ ဖြစ်ခဲ့တယ်။ ဖဆပလ ကိုယ်စားလှယ် သခင်နုက ရှမ်း-ဗမာ ချစ်ကြည်ရေးကို အကျယ်တဝင့် ရှင်းပြတယ်။ အနောက်တိုင်း ရာဇဝင်ဆရာတွေ ရေးခဲ့တဲ့ စာအုပ်တွေရဲ့ သွေးခွဲခဲ့တာတွေကို ထောက်ပြတယ်။ သိုဟန်ဘွားကို မင်းကြီးရန်နောင်က သတ်ဖြတ် ဖယ်ရှားတာက သာသနာကို စော်ကားလို့ဖြစ်တယ်။ မင်းကြီးရန်နောင် မင်းမပြုဘဲ သီပေါက အုန်းဘောင် ခုံမှိုင်းကို နန်းတင်ပြီး ရဟန်းပြုသွားတဲ့ ဥပမာကို ပြောတယ်။ သီပေါမင်းကို အင်္ဂလိပ်က ဖမ်းဆီးသွားတော့ ညောင်ရွှေစော်ဘွားက လူ(၅ဝဝ)နဲ့ မန္တလေး၊ မဟာမြတ်မုနိဘုရားမှာ စောင့်နေတယ်။ အင်္ဂလိပ်လက်မှ သီပေါမင်းကို ပြန်လည်လုယူပြီး နန်းတင်ဖို့အကြံဖြစ်တယ်လို့ ပြောတော့ တက်ရောက်သူများကလလည်း သဘောကျကြတယ်။ ဂဠုန်ဦးစောကတော့ ဒီမိုနီယံလွတ်လပ်ရေးက မြန်မာတွေရနိုင်တယ်။ ဒိုမီနီယံ လွတ်လပ်ရေးရဲ့ ကောင်းကွက်တွေကိုလည်း ပြောတယ်။ နောင်နှစ်မှာလည်း အဲဒီလို အထွေထွေ ဆွေးနွေးရန် ဆုံဆည်းကြဖို့ ရည်ရွယ်ခဲ့တယ်။ အောင်ဆန်းအက်တလီစာချုပ် ဗြိတိသျှနန်းရင်းဝန် ကလီမင့် အက်တလီက ဗိုလ်ချုပ်အောင်ဆန်းတို့ကို (၂ဝ၊၁၂၊၄၆)ရက်မှာ လွတ်လပ်ရေးနဲ့ပတ်သက်ပြီး ဆွေးနွေးဖို့ လန်ဒန်ကို ဖိတ်ကြားပါတယ်။ (၂၇၊၁၊၄၇)ရက်မှာ အောင်ဆန်းအက်တလီစာချုပ်အရ မြန်မာနိုင်ငံကို လွတ်လပ်ရေးပေးတဲ့အခါ တောင်တန်းနယ်ဒေသများကိုပါ တစ်ပါတည်း ထည့်သွင်းပေးရန်ကိစ္စနှင့် ပတ်သက်၍ တောင်တန်းသားများရဲ့ သဘောထားများကိုလေ့လာရန် လိုအပ်ကြောင်း၊ ယင်းတို့၏ သဘောထားကို လေ့လာရန် ပင်လုံဆွေးနွေးပွဲတွင် ဖြစ်စေ၊ ယင်းကိစ္စအတွက် သီးခြားအစည်း အဝေးခေါ်ယူ၍ဖြစ်စေ လေ့လာရန် အချက်တစ်ရပ် ပါဝင်ပါတယ်။ ဒီကိစ္စက အလျင်အမြန် လုပ်ရမယ့်ကိစ္စဖြစ်တော့ မနှစ်က ပထမပင်လုံအစည်းအဝေး (၁၉၄၆)ခုနှစ် တွေ့ဆုံကြမည့် နေရာမှာပဲ ဒုတိယပင်လုံ အစည်းအဝေး(၁၉၄၇)ကို ကျင်းပမယ်လို့ လျာထားသတ်မှတ်ခဲ့ပါတယ်။ အောင်ဆန်းအက်တလီ စာချုပ်ဖို့အသွားမှာပဲ စော်ဘွား(၂)ဦးက လားရှိုးမြို့ကတစ်ဆင့် လန်ဒန်သို့ ပို့လိုက်တဲ့ သံကြိုးစာက မစ္စတာအက်တလီထံ ကြိုတင်ရောက်နေပြီလို့ အဆိုရှိတယ်။ သံကြိုးစာအရ ''အောင်ဆန်းဟာ စော်ဘွားများရဲ့ ကိုယ်စားလှယ်မဟုတ်လို့ ရှမ်းပြည်နယ်ကို ကိုယ်စားမပြုပါ။ ရှမ်းပြည်နယ်ကိစ္စ ဆွေးနွေးရန် စော်ဘွား ကိုယ်စားလှယ်များကို သီးခြားဖိတ်ပါလို့'' ပါရှိပါတယ်။ ဆွေးနွေးနေတာ ရက်အတော်ကြာပြီ။ ဗိုလ်ချုပ်အောင်ဆန်းလည်း စိတ်ပျက်သွားပြီး မြန်မာပြည်ကိုပြန်လာဖို့ လေယာဉ်ပျံ မှာခိုင်းတယ်။ ဒီသတင်းကိုရတော့ တောင်ကြီးမြို့မှာ ဦးဖေခင်၊ ဦးတင်ဧစတဲ့ ရှမ်းလူငယ်တွေ ကြွေးကြော်သံတွေနဲ့ တောင်ကြီးမြို့တွင်း လှည့်လည်ပြီး ဆန္ဒပြကြတယ်။ ''ဗိုလ်ချုပ်အောင်ဆန်းဟာ ရှမ်းပြည်နယ်လူထု ကိုယ်စားလှယ်ဖြစ်ကြောင်း'' တောင်ကြီးမြို့ကနေ လန်ဒန်ကို ကြေးနန်းရိုက်တော့မှ စာချုပ်ကိစ္စ အဆင်ပြေ သွားတယ်။ ရန်ကုန်ကို ဗိုလ်ချုပ်တို့ ပြန်ရောက်ပြီး (၂)ပတ်ခန့်အတွင်းမှာ ဒုတိယပင်လုံ အစည်းအဝေးကို တက်ရောက်ရပါမယ်။ အဲဒီအစည်းအဝေးမှာလည်း လန်ဒန်မြို့မှာလို အဆင်မပြေလို့ လေယာဉ်ပျံမှာရမယ့် ကိန်းက ဆိုက်ခဲ့သေးတယ်။ ဗိုလ်ချုပ်ရဲ့ ပွင့်လင်းရိုးသားမှုနဲ့ နယ်ရှင်စော်ဘွားတွေ၊ ရှမ်းလူထုကြီးနဲ့ ပြည်နယ်ကိုယ်စားလှယ်တွေ အမြော်အမြင်ကြီးမားစွာနဲ့ ကြိုးစားကြလို့ အခက်အခဲ အမျိုးမျိုးကြားက ပင်လုံစာချုပ်က အဆင်ပြေချောမော သွားကြတယ်။ တိုင်းရင်းသားအားလုံးရဲ့ သမိုင်းဝင် ပင်လုံစိတ်ဓာတ်ကို လေးစားချီးကျူးဖွယ် မှတ်တမ်းပြုအပ်ပါတယ်။ ပင်လုံ အစည်းအဝေးကြီးမှာ အခက်အခဲတွေ ဘယ်လိုရှိခဲ့တယ်ဆိုတာ ရှေ့တစ်ပတ် ဆက်ပါဦးမယ်။
မိုးမြင့်ဝင်း(သိပ္ပံ/နည်းပညာ)
(ယခုဖော်ပြပါအကြောင်းအရာများအား http://kyawhtetwin.blogspot.com/2013/08/blog-post_5408.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
မင်းသန်းထိုက်(ဒေးဒရဲ)
“သမိုင်းဆိုသည်မှာ လူတစ်ဦးတစ်ယောက်၏ အကြောင်းအရာလည်း မဟုတ်၊ လူတစ်စု၏ အကြောင်းအရာလည်း မဟုတ်ပေ။ သမိုင်းသည် လူသားတစ်ရပ်လုံး၏ အကြောင်းအရာဖြစ်သည်”
အထက်ပါ စကားစုတို့မှာ ဒသမတန်း မြန်မာ့သမိုင်းစာအုပ် အမှာစာမှဖြစ်သည်။ သို့နှင့်တိုင် အချို့သောဖြစ်ရပ်များ၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ အချက်အလက်များက ၀ိဝါဒကွဲလွဲနေဆဲ။
သာဓကအားဖြင့် မှန်နန်းမဟာရာဇ၀င်က ကျန်စစ်သားကို အနော်ရထာ၏သားဟု ဆိုသည်။ သမိုင်းသုတေသီ တင်နိုင်တိုးက ဇာတာတော်ပုံရာဇ၀င်အရ အနော်ရထာသည် ၃၇၆ ခုဖွားဖြစ်၍ ကျန်စစ်သားကို ၃၉၂ ခုဖွား ဖြစ်သဖြင့် ၁၆ နှစ်သာကွာသည်။ အနော်ရထာ ၁၆ နှစ်သားအရွယ်၌ ကျန်စစ်သားကို ဖွားပြီးဖြစ်ရလိမ့်မည်။ သို့သော် အနော်ရထာသည် အသက်(၃၀)အရွယ်ကျမှ မင်းဖြစ်ကာ ဝေသာလီပြည်မှ ဆက်သဘော ပဉ္စကလျာဏီမင်းသမီးနှင့် လက်ဆက်ခြင်းဖြစ်၏။ ထို့ကြောင့် ကျန်စစ်သားသည် အနော်ရထာနှင့် ပဉ္စကလျာဏီတို့မှ မွေးဖွားခြင်းမဟုတ်ဟု စိစစ်ပြထားသည်။
ထို့အတူ ပုဂံပျက်အပြီး ရှမ်းညီနောင်သုံးဦးတို့ တည်ထောင်ခဲ့သော ပြည်ငယ်များကို မှန်နန်းရာဇ၀င်နှင့် ဦးကုလားရာဇ၀င်တို့က မြင်စိုင်း၊ မက္ခရာ၊ ပင်လယ်ဟု ဆိုကြသည်။  သို့သော် တက္ကသိုလ်ဝင်တန်း ကဗျာလက်ရွေးစင်၊ မြင်စိုင်းရွှေပြည်ကဗျာ မိတ်ဆက်၌မူ မြင်စိုင်း၊ စစ်ကိုင်း၊ ပင်းယဟု ဆိုထားပြန်သည်။ မည်သူမှန်၍ မည်သူမှားလေသနည်း။ အမတ်ကြီးဗညားဒလ စီရင်သော ရာဇဓိရာဇ်အရေးတော်ကျမ်း၌ မွန်သူရဲကောင်း သမိန်ဗရမ်းနှင့် တရုတ်စစ်သူကြီး ဂါမဏိတို့ အင်းဝမြို့၌ မြင်းစီးချင်း တိုက်ကြသည်ဟု ဆိုသည်။ သမိုင်းပညာရှင်ဆရာကြီး ဒေါက်တာသန်းထွန်းကမူ “သမိန်ဗရမ်းနဲ့ ဂါမဏိ၊ သမိန်ဗရမ်းနဲ့ စလုံကျော်ခေါင်၊ ဇာတ်လမ်းနှစ်ပုဒ်ဟာ တကယ်ဟုတ်ပါ့မလား”ဟု သံသယနှင့် ဆိုထားပေသည်။ (ဒေါက်တာသန်းထွန်း-မြန်မာသမိုင်းအတိုအထွာ-ကံ့ကော်မြိုင်စာပေ-၂၀၁၁)
လွန်ခဲ့သော အနှစ် ၆၀ ကျော် ၇၀ နီးပါးက ဖြစ်ပျက်ခဲ့သည့် ဖြစ်ရပ်များက စာအုပ်တစ်အုပ်နှင့်တစ်အုပ် မတူကွဲပြားနေသည် ဆိုလျှင်တော့ ယခုလို သမိုင်းလက်လှမ်းမီဆဲ ကာလ၌ ဘယ်ဟာအမှန်ဆိုတာ ညှိနှိုင်းစိစစ် အတည်ပြုပေးဖို့ လိုသည်ဟု ကျွန်တော်ထင်သည်။
ပြီးခဲ့သည့် ဇူလိုင်လ ၁၉ ရက် (၆၅)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်အဖြစ် ဒေးဒရဲမြို့၊ စာပေချစ်သူများအဖွဲ့က ဦးစီးတည်ထောင်ထားသော အလင်းတံခါး စာဖတ်ခန်းအင်အားစုက အာဇာနည်ခေါင်းဆောင်ကြီးများ၏ အတ္တုပ္ပတ္တိအကျဉ်းများ ပါဝင်သော လက်ကမ်းစာစောင်တစ်ခု ထုတ်ဝေခဲ့သည်။ ရည်ရွယ်ချက်ကား တိုင်းပြည်အပေါ် ကျေးဇူးရှိခဲ့သော အာဇာနည်ကြီးများ အကြောင်းကို ယနေ့ခေတ် ကျောင်းသားလူငယ်လေးများ သိရှိကာ အာဇာနည်စိတ်ဓာတ် ပြန့်ပွားစေလို၍ ဖြစ်သည်။ သည်လက်ကမ်းစာစောင်ကို ကျွန်တော်ပင်တာဝန်ယူ၍ စီစဉ်ရသည်။ ကျွန်တော်လည်း လက်လှမ်းမီရာ ကျွန်တော့် စာအုပ်စင်ပေါ်မှ စာအုပ်များနှင့်ပင် အလွယ်တကူ ကိုးကား၍ အာဇာနည်ကြီးများ၏ အတ္တုပ္ပတ္တိအကျဉ်းကို ပြုစုလိုက်သည်။ သည်တွင် ဗိုလ်ချုပ်အောင်ဆန်း၏ အတ္တုပ္ပတ္တိ၌ ဘီအိုင်အေဖွဲ့စည်းသည့်နှစ်ကို ၁၉၄၁ ဒီဇင်ဘာဟုလည်းကောင်း၊ ဘီဒီအေဖွဲ့စည်းသည့်နှစ်ကို ၁၉၄၂ သြဂုတ်လဟုလည်းကောင်း ထည့်လိုက်သည်။ ကျွန်တော်ကိုးကားလိုက်သည့် စာအုပ်မှာ “ဖိုးအောင်လေးပြုစုသည့် မြန်မာ့လွတ်လပ်ရေးကြိုးပမ်းမှု ရက်စဉ်သမိုင်း” စာပေဗိမာန် ၂၀၀၄ ဖြစ်သည်။
ထိုလက်ကမ်းစာစောင် ထုတ်ဝေပြီး နောက်တစ်နေ့၌ပင် စာပေမိတ်ဆွေတစ်ဦးက ကျွန်တော့်ထံ စာဖြင့်အကြောင်းကြားလာသည်။ ဘီဒီအေဖွဲ့စည်းသည့် ခုနှစ်၊ လတို့ မှားယွင်းနေကြောင်း၊ ဘီဒီအေအဖြစ် ပြောင်းလဲဖွဲ့စည်းသည့်နှစ်မှာ ၁၉၄၃ ခု ဇူလိုင် ၂၇ ရက်ဖြစ်ကြောင်း အောင်သန်း၏ အောင်ဆန်းစာအုပ်မှ ထိုအကြောင်းပါသော စာမျက်နှာကို မိတ္တူဆွဲလျက် သက်သေအဖြစ် ထည့်ပေးလိုက်သည်။ ထိုမိတ်ဆွေ၏ စာကိုဖတ်ပြီး ကျွန်တော် အတော်ပင် ခေါင်းကြီးသွားသည်။ လက်ကမ်းတွေကလည်း ဝေပြီးပြီ။ မှားသွား၍ ကိုယ်သိက္ခာကျမှာထက် ကလေးတွေ အမှတ်မှားသွားမှာ စိုးရိမ်သည်။ ဒါနဲ့ ကျွန်တော်ကိုးကားလိုက်သည့် စာအုပ်ကို ပြန်ယူကြည့်တော့လည်း ကျွန်တော်မမှား။ ဘီဒီအေ စဖွဲ့စည်းသည့်နေ့ကို ၂၆ သြဂုတ် ၁၉၄၂ ဟုပင် ပြထားသည်။ ၂၇ ဇူလိုင် ၁၉၄၂ ကို ဘီအိုင်အေ ဖျက်သိမ်း၍ ဘီဒီအေစစ်ဌာနချုပ် (ဗဟိုစစ်ရုံးချုပ်)ကို ပျဉ်းမနား၌ ဖွင့်လှစ်သော ရက်စွဲအဖြစ် ပြထားသည်။ အောင်သန်း၏ အောင်ဆန်းစာအုပ်ပါ ဘီဒီအေပြောင်းလဲဖွဲ့စည်းသည့် ရက်စွဲနှင့် ရက်၊ လတို့တူပြီး ခုနှစ်မတူ။
ကျွန်တော့်စိတ်ထဲမှာ ဘ၀င်မကျ။ ဘာဖြစ်လို့ ဒီသမိုင်းနီးနီးကလေးက နှစ်မျိုးဖြစ်ရမှာတုံး။ တခြားစာအုပ်တွေမှာရော ဘယ်လိုရေးကြသလဲ။ သိချင်လာသည်။ ဒါနဲ့ စာဖတ်ခန်းရော၊ ကျွန်တော့် စာအုပ်စင်မှာပါရှိသည့် လက်လှမ်းမီရာ သမိုင်းစာအုပ်များကို ရှာဖွေဖတ်ကြည့်တော့မှ ပို၍ပင် ရင်မောရတော့သည်။
“၁၉၄၂ ခု ဇူလိုင်လ ၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)ဟု ပြောင်းလဲဖွဲ့စည်းလိုက်သည်” (ဒသမတန်း မြန်မာ့သမိုင်း ကျောင်းသုံးစာအုပ် ၂၀၀၉-၂၀၁၀ ပညာသင်နှစ်)
“၁၉၄၂ ဇူလိုင်လတွင် ဂျပန်အာဏာပိုင်တို့က တပ်ဖွဲ့ဝင်ဦးရေ နှစ်သောင်းငါးထောင်ရှိသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကို ဖျက်သိမ်းလိုက်သည်။ ဤသို့
အင်အား ၂၅၀၀၀ ရှိသော ဗမာ့လွတ်လပ်ရေးတပ်မတော်ကို အင်အား ၃၀၀၀ မျှသာရှိသော ဗမာ့ကာကွယ်ရေးတပ်မတော်အဖြစ် ပြောင်းလဲဖွဲ့စည်းခဲ့ရတော့သည်” (မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှု မှတ်တမ်းများနှင့် ဗိုလ်ချုပ်အောင်ဆန်း-တက္ကသိုလ်စိန်တင်-အားမာန်သစ်စာပေ ၂၀၀၈ နိုဝင်ဘာ ပထမအကြိမ်)  
“၁၉၄၂ ဇွန် ၂၇၊ ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ဗမာ့ကာကွယ်ရေးတပ်မတော် (ဘီဒီအေ)အဖြစ် ပျဉ်းမနားမြို့၌ ပြန်လည်ဖွဲ့စည်းသည်” (နှစ်ဆယ်ရာစု မြန်မာ့သမိုင်းကို ပြောပြနေသော နေ့ရက်များ၊ သန်းဝင်းလှိုင်၊ ကံ့ကော်ဝတ်ရည်စာပေ၊ ၂၀၀၉ မေ ပထမအကြိမ်)
“၁၉၄၂ ခု ဇူလိုင်လ ၂၇ ရက်တွင် ဘီအိုင်အေကို ဖျက်သိမ်းပြီး ဘီဒီအေ (BDA)ခေါ် ဗမာ့ကာကွယ်ရေးတပ်မတော် (Burma Defence Army)ကို ပြန်လည်ဖွဲ့စည်းသည်။ (မူရင်းအတိုင်း) (ကိုလိုနီခေတ် မြန်မာစာပေသမိုင်း၊ မောင်ခင်မင်၊ ဓနုဖြူ၊ စိတ်ကူးချိုချို အနုပညာ၊ ၂၀၁၀ မတ် ပထမအကြိမ်)
“လွတ်လပ်ရေးရပြီး လွတ်လပ်ရေးတပ်မတော် ထားရန်မလို၊ ကာကွယ်ရေးတပ်သာ ထားရန်လိုသည်ဟု အကြောင်းပြကာ ၁၉၄၃ ခု ဇူလိုင်လ ၂၇ ရက်တွင် ဗမာ့လွတ်လပ်ရေးတပ်မတော် (ဘီအိုင်အေ)ကို ဗမာ့ကာကွယ်ရေးတပ်မတော်(ဘီဒီအေ)အဖြစ် ပြောင်းလဲ၍ တပ်သားဦးရေကိုလည်း သုံးထောင်ထိ လျှော့ချလိုက်လေသည်” (အောင်သန်း၏ အောင်ဆန်း၊ ပုဂံစာအုပ်တိုက်၊ ၁၉၆၅ ဇူလိုင် ၁၉)
ကျွန်တော်၏ လက်တစ်ကမ်းတွင်ရှိသော စာအုပ်များကို မွှေနှောက်ကြည့်လိုက်သည်နှင့်ပင် ရက်စွဲများက တစ်အုပ်တစ်မျိုး ဖြစ်နေသည်။ ဘီဒီအေဖွဲ့စည်းသည့် ကိစ္စတစ်ခုတည်း၌ပင် ဤမျှကွဲလွဲနေလျှင် အခြားကိစ္စများ၌လည်း ကွဲလွဲချက်များ ရှိနေမည်မှာ အမှန်ပင်ဖြစ်သည်။ နောင်လူငယ် မျိုးဆက်များအတွက် အငြင်းပွားစရာ ဖြစ်လာနိုင်သည်။ ပဒေသရာဇ်ခေတ် မြန်မာနိုင်ငံကိုထား။ သီပေါမင်း ပါတော်မူပြီးနောက်ပိုင်း လွတ်လပ်ရေးကြိုးပမ်းမှု သမိုင်းရက်စွဲများကတော့ ကွဲလွဲမှုမရှိ တူညီသင့်သည်ဟု ထင်သည်။ မကြာမီ ဗိုလ်ချုပ်မှတ်တမ်း ရုပ်ရှင်လည်း ရိုက်ကူးတော့မည် ဖြစ်သည်။ ဘယ်ရက်စွဲကို အမှန်ယူမလဲ စဉ်းစားစရာ ဖြစ်လာခဲ့ပြီ။ အကောက်အယူ မှားခဲ့သော် ဖန်တီးသူတို့ ကြိုးစားဖန်တီးရကျိုးမနပ် ဖြစ်လိမ့်မည်။
သမိုင်းဆိုင်ရာ စာအုပ်စာတမ်းနှင့် ဆောင်းပါးများ ရေးသားသူတို့သည် သမိုင်းထဲတွင် တကယ်ဖြစ်ပျက်ခဲ့သည့် ရက်စွဲများနှင့် မကွဲလွဲအောင် စနစ်တကျ လေ့လာပြီးမှ ရေးသားစေချင်သည်။ သမိုင်းပညာရှင်ကြီးများ စုပေါင်းပြုစုထားသော “မြန်မာ့ရက်စဉ်သမိုင်း” ကဲ့သို့သော စာအုပ်မျိုးလည်း ရှိပြီးဖြစ်ရာ ပြုစုသူ ပညာရှင်တို့၏ ပညာဂုဏ်ကို ထောက်ချင့်၍ ကိုးကားထိုက်သည်ဟု ထင်ပါသည်။ မြန်မာ့သမိုင်းကို လေ့လာဖတ်ရှုကြမည့် အနာဂတ်မျိုးဆက်များအတွက် သမိုင်းထဲက ရက်စွဲတွေ အကွဲကွဲအလွဲလွဲ မဖြစ်စေချင်ပါလေ။          ။
(ယခုဖော်ပြပါအကြောင်းအရာများသည်  http://kyawhtetwin.blogspot.com/2013/08/blog-post_9173.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
Aung San was born to U Pha, a lawyer, and his wife, Daw Suu, in Natmauk, Magway District, in central Burma on 13 February 1915.
၁၉၁၅ ခုနှစ် ဖေဖော်ဝါရီလ ၁၃ ရက်နေ့တွင် မြန်မာပြည် အလယ်ပိုင်း၊ မကွေးတိုင်း နတ်မောက်မြို့၌ ရှေ့နေ ဦးဖာ နှင့် ဒေါ်စု တို့က ဗိုလ်ချုပ်အောင်ဆန်းကို မွေးဖွားခဲ့ပါသည်။

Aung San received his primary education at a Buddhist monastic school in Natmauk, and secondary education at Yenangyaung High School.
မူလတန်းပညာကို နတ်မောက်ရှိ ဘုန်းတော်ကြီးကျောင်းတွင် သင်ယူဆည်းပူးခဲ့ပြီး အထက်တန်းပညာကို ရေနံချောင်း အမျိုးသားကျောင်းတွင် ဆက်လက် သင်ယူခဲ့ပါသည်။
He went to Rangoon University (now the University of Yangon) and received a B.A. degree in English Literature, Modern History, and Political Science in 1938.
၁၉၃၈ ခုနှစ်တွင် အင်္ဂလိပ်စာပေ၊ ခေတ်သစ်သမိုင်း နှင့် နိုင်ငံရေးသိပ္ပံ တို့ဖြင့် ဘီအေ ဘွဲ့ကို ရန်ကုန်တက္ကသိုလ်မှ ရရှိခဲ့ပါသည်။

Names of Aung San
ဗိုလ်ချုပ်အောင်ဆန်း၏ အမည်များ

Name at birth: Htein Lin
ဇာတာပါအမည် - ထိန်လင်း (မိဘများက အစ်ကိုဖြစ်သူ အောင်သန်းနှင့်လိုက်ရန် အောင်ဆန်းဟု ခေါ်ခဲ့သည်)

As student leader and a thakin: Aung San
ကျောင်းသားခေါင်းဆောင်အမည် - သခင်အောင်ဆန်း

Nom de guerre: Bo Tayza
ရဲဘော်သုံးကျိပ်ဝင် အမည် - ဗိုလ်တေဇ

Japanese Name: Omoda Monji (面田紋次)
ဂျပန်အမည် - အိုမိုဒါမွန်ဂျိ

Chinese Name: Tan Lu Sho
တရုပ်အမည် - ထန်လုရှို

Resistance period code name: Myo Aung, U Naung Cho
တော်လှန်ရေးကာလ လျှို့ဝှက်အမည် - မျိုးအောင်၊ ဦးနောင်ချို

Contact code name with General Ne Win: Ko Set Pe
ဗိုလ်နေဝင်းနှင့်ဆက်သွယ်သောအမည် - ကိုစက်ဖေ

1932
He matriculated in the “A” category with distinctions in Burmese and Pali.
၁၉၃၂ ခုနှတွက် တက္ကသိုလ်ဝင် စာမေးပွဲ၌ မြန်မာစာ၊ ပါဠိဘာသာ ဂုဏ်ထူးများဖြင့် “အေ” အဆင့်မှ အောင်မြင်ခဲ့သည်။

1933
Aung San quickly became a student leader after he entered Rangoon University.
ရန်ကုန်တက္ကသိုလ်တွင် တက်ရောက် ပညာသင်ကြား၍ မကြာမီပင် ကျောင်းသားခေါင်းဆောင် တစ်ဦးဖြစ်လာခဲ့သည်။
He was elected to the executive committee of the Rangoon University Students' Union (RUSU). He then became editor of their magazine Oway (Peacock's Call).
ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ အမှုဆောင်အဖွဲ့ဝင် တစ်ဦးအဖြစ် ရွေးချယ်ခံခဲ့ရပြီး ၎င်းအဖွဲ့မှ ထုတ်ဝေသော အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာ ဖြစ်လာခဲ့သည်။

1936 February
He was threatened with expulsion from the university, along with U Nu, for refusing to reveal the name of the author of the article Hell Hound At Large, which criticized a senior University official.
၁၉၆၃ ခုနှစ် ဖော်ဖော်ဝါရီလတွင် “ငရဲခွေးကြီး လွတ်နေပြီ” ဟူသည့် တက္ကသိုလ်အရာရှိ အုပ်ချုပ်ရေး အရာရှိကြီးတစ်ဦးအာ ရည်ညွှန်းထားသည့် ဆောင်းပါးနှင့် ပတ်သက်ပြီး ဆောင်းပါးရှင်အား ဖော်ထုတ်ရန် တောင်းဆိုသည်ကို ငြင်းဆိုခြင်းကြောင့် ကိုနု(နောင်တွင် သခင်နု) နှင့်အတူ တက္ကသိုလ်မှ ထုတ်ပယ်ခြင်းခံခဲ့ရသည်။ (ကိုနု ကျောင်းထုတ်ခံရခြင်းမှာ ကျောင်းအုပ်ကြီးအား ပစ်ပစ်ခါခါ ဝေဖန်မှုကြောင့်ဖြစ်သည်)
This led to the Second University Students' Strike and the university authorities subsequently retracted their expulsion orders.
အဆိုပါကိုစ္စများသည် ဒုတိယအကြိမ် ကျောင်းသားသပိတ်ကို ဖြစ်စေခဲ့ပါသည်။ ယင်းနောက်ပိုင်းတွင် တက္ကသိုလ်မှ ထုတ်ပယ်သည့် အမိန့်ကိုလည်း ပြန်လည်ရုပ်သိမ်းခဲ့ရသည်။

1938
Aung San was elected president of both the Rangoon University Student Union (RUSU) and the All-Burma Students Union (ABSU), formed after the strike spread to Mandalay.
၁၉၃၈ ခုနှစ်တွင် ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ နှင့် ကျောင်းသားသပိတ် မန္တလေးသို့ ကူးစက်ပြီးနောက် ဖွဲ့စည်းခဲ့သည့် မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (၂) ရပ်လုံးတွင် ဥက္ကဋ္ဌ အဖြစ်ရွေးချယ်ခြင်းခံခဲ့ရသည်။
In the same year, the government appointed him as a student representative on the Rangoon University Act Amendment Committee.
ထိုနှစ်မှာပင် ရန်ကုန်တက္ကသိုလ် အက်ဥပဒေ ပြင်ဆင်ရေးကော်မတီ တွင် ကျောင်းသားကိုယ်စားလှယ် အဖြစ် အစိုးရက ရွေးချယ်ခဲ့သည်။

1938 October
Aung San left his law classes and entered national politics. At this point, he was anti-British, and staunchly anti-imperialist.
၁၉၃၈ ခုနှစ်၊ အောက်တိုဘာလ တွင် တက်ရောက်နေသော ဥပဒေဘွဲ့သင်တန်းကို ထားခဲ့ကာ အမျိုးသားနိုင်ငံရေးကို ကူးပြောင်းဆောင်ရွက်ခဲ့ပါသည်။ ထိုအချိန်က ဗိုလ်ချုပ်သည် ဗြိတိသျှဆန့်ကျင်ရေးသမား၊ ယုံကြည်ချက် ပြင်းထန်သော နယ်ချဲ့ဆန့်ကျင်ရေးသမား ဖြစ်ခဲ့ပါသည်။
He became a Thakin (lord or master – a politically motivated title that proclaimed that the Burmese people were the true masters of their country, not the colonial rulers who had usurped the title for their exclusive use) when he joined the Dobama Asiayone (Our Burma Union), and acted as their general secretary until August 1940.
ဒို့ဗမာအစည်အရုံးဝင် တစ်ဦးဖြစ်လာသောအခါတွင် သခင်တစ်ဦး (မြန်မာလူမျိုးများသည် မြန်မာပြည်၏ သခင် အစစ်များဖြစ်သည်၊ ကိုလိုနီ နယ်ချဲ့များက မတရားသိမ်းပိုက်ခဲ့ခြင်းဖြစ်သည်) ဖြစ်လာခဲ့ကာ ၁၉၄ဝ ခုနှစ်၊ သြဂုတ်လ အထိ ဒို့ဗမာအစည်းအရုံး၏ အထွေထွေ အတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။
While in this role, he helped organize a series of countrywide strikes that became known as ME 1300 Revolution, named after the Burmese calendar year.
ထိုသို့ ဆောင်ရွက်နေစဉ် ကာလအတွင်း ၁၃ဝဝ ပြည့်အရေးတော်ပုံ ( မြန်မာသက္ကရာဇ် ၁၃ဝဝ ပြည့်နှစ်တွင် ဖြစ်ပွားသည်ကို အစွဲပြု၍ခေါ်ဆိုခြင်းဖြစ်သည်) တွင် နိုင်ငံတဝန်းသပိတ်ပွဲများကို စုစည်း ဦးဆောင်ခဲ့ပါသည်။

He also helped found another nationalist organization, the Freedom Bloc ( Bama-htwet-yat Gaing), by forming an alliance between the Dobama, the ABSU, politically active monks and Dr Ba Maw's Sinyètha (Poor Man's) Party, and became its general secretary.
အခြားသော အမျိုးသားရေး အဖွဲ့တစ်ခု ဖြစ်သည့် ဗမာထွက်ရပ်ဂိုဏ်းကြီး ထူထောင်ရာတွင်လည်း ပါဝင်ခဲ့ပြီး ၎င်း အဖွဲကြီးသည် ဒို့ဗမာအစည်းအရုံး၊ မြန်နိုင်ငံလုံဆိုင်ရာ ကျောင်းသားသမဂ္ဂ၊ နိုင်ငံရေးနိုးကြားသော ရဟန်းတော်များ၊ ဒေါက်တာဘမော်၏ ဆင်းရဲသားပါတီ တိုဖြင့် မဟာမိတ်ပြုထားခြင်းဖြစ်ပြီး ယင်းမဟာမိတ် အဖွဲ့၏ အတွင်းရေးမှူး ဖြစ်လာခဲ့ပါသည်။
What remains relatively unknown is the fact that he also became a founder member and first secretary-general of the Communist Party of Burma (CPB) in August 1939. Shortly afterwards he co-founded the People's Revolutionary Party, renamed the Socialist Party after the Second World War.
၁၉၃၉ ခုနှစ်၊ သြဂုတ်လတွင် ဗမာပြည်ကွန်မြူနစ်ပါတီကို ထူထောင်ခဲ့သူ အဖွဲ့ဝင်တစ်ဦးဖြစ်ခဲ့သည်နှင့် အဆိုပါအဖွဲ့တွင် ပထမဆုံး အထွေထွေအတွင်းရေးမှူး ဖြစ်ခဲ့သည်မှာ သိပ်ပြီးမထင်ရှားခဲ့ပါ။ များမကြာမီ ကာလတွင် ပြည်သူ့တော်လှန်ရေးပါတီ ကို ထူထောင်ရာတွင် ပါဝင်ခဲ့ပါသည်။ ဒုတိယကမ္ဘာစစ်ပြီးနောက်ပိုင်း တွင် ယင်းအဖွဲ့ကို ဆိုရှယ်လစ်ပါတီ ဟုပြန်လည်အမည်ပေးခဲ့သည်။

1940 March
He attended the Indian National Congress Assembly in Ramgarh, India. However, the government issued a warrant for his arrest due to Thakin attempts to organize a revolt against the British and he had to flee Burma.
၁၉၄ဝ ခုနှစ်၊ မတ်လတွင် အန္ဒိယနိုင်ငံ ရမ်ဂါတွင် ကျင်းပသော အန္ဒိယအမျိုးသားလွှတ်တော်စည်းဝေပွဲသို့ တက်ရောက်ခဲ့သည်။ သို့သော် ဗြိတိသျှအစိုးရကို သခင်တို့က တော်လှန်ပုန်ကန်ရန်ကြိုးပမ်းအာထုတ်မှုဖြင့် ဗိုလ်ချုပ်အောင်ဆန်းကို ဖမ်ဝရမ်း ထုတ်ပြန်လိုက်သည့်အတွက် မြန်မာနိုင်ငံမှ ပြေးခဲ့ရသည်။
He went first to China, seeking assistance from the nationalist government of the Kuomintang, but he was intercepted by the Japanese military occupiers in Amoy, and was convinced by them to go to Japan instead.
ပထမတွင် တရုတ်ပြည်သို့သွားရောက်ကာ ကွန်မြူနစ်များထံမှ အကူအညီ ရယူရန် ရည်ရွည်သော်လည်း ဂျပန်စစ်တပ်က အမွိုင်မြို့တွင် ကြားဖြတ်တားဆီးကာ ဂျပန်ပြည်သို့သာသွားရန် တိုက်တွန်းခဲ့သည်။

Family (မိသားစု)

While he was War Minister in 1942, Aung San met and married Khin Kyi, and around the same time her sister met and married Thakin Than Tun, the Communist leader.
၁၉၄၂ ခုနှစ်တွင် ကာကွယ်ရေးဝန်ကြီး အဖြစ်တာဝန်ထမ်းဆောင်စဉ်ကာလတွင် ဒေါ်ခင်ကြည်နှင့် လက်ထပ်ခဲ့ပါသည်။
Aung San and Khin Kyi had three children. ဗိုလ်ချုပ်အောင်ဆန်းနှင့် ဒေါ်ခင်ကြည်တို့တွင် သားသမီး (၃) ယောက်ထွန်းကားခဲ့သည်။
Their youngest surviving child, Aung San Suu Kyi, is a Nobel Peace Prize laureate and leader of the Burmese Opposition, the National League for Democracy (NLD).
အက်ရှင်ကျန်ရစ်သူ သား၊ သမီးများမှ သမီးထွေးဖြစ်သူ အောင်ဆန်းစုကြည်သည် ငြီမ်းချမ်းရေး နိုဘယ်ဆုရှင် တစ်ဦးဖြစ်ပြီး မြန်မာ့ အတိုက်အခံ နိုင်ငံရေးပါတီဖြစ်သော အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ်၏ ခေါင်းဆောင်လည်းဖြစ်ပါသည်။
Their second son, Aung San Lin, died at age eight, when he drowned in an ornamental lake in the grounds of the house.
ဒုတိယသားဖြစ်သော အောင်ဆန်းလင်မှာ ၈နှစ်သားအရွယ်တွင် ရေနစ်သေဆုံးခဲ့ပါသည်။
The elder, Aung San Oo, is an engineer working in the United States.
အကြီးဆုံးဖြစ်သူ အောင်ဆန်းဦးသည် အင်ဂျင်နီယာ တစ်ယောက်အဖြစ် အမေရိကန်ပြည်ထောင်စုတွင် ရှိနေပါသည်။
Their youngest daughter, Aung San Chit, born in September 1946, died on 26th sep 1946
သမီးထွေးဖြစ်သူ အောင်ဆန်းချစ်ကို ၁၉၄၆ ခုနှစ်၊ စက်တင်ဘာလတွင် မွေးဖွားခဲ့ပြီး စက်တင်ဘာလ ၂၆ ရက်နေ့တွင် ဆုံးသွားခဲ့ပါသည်။
Aung San's wife Daw Khin Kyi died on 27 December 1988.
ဇနီးဖြစ်သူ ဒေါ်ခင်ကြည်သည် ၁၉၈၈ ခုနှစ်၊ ဒီဇင်ဘာလ ၂၇ ရက်နေ့တွင် ကွယ်လွန်ခဲ့ပါသည်။

Assassination (လုပ်ကြံခံရခြင်း)
On 19 July 1947, a gang of armed paramilitaries of former Prime Minister U Saw[citation needed] broke into the Secretariat Building in downtown Rangoon during a meeting of the Executive Council (the shadow government established by the British in preparation for the transfer of power) and assassinated Aung San and six of his cabinet ministers, including his older brother Ba Win, father of Sein Win leader of the government-in-exile, the National Coalition Government of the Union of Burma (NCGUB). A cabinet secretary and a bodyguard were also killed. U Saw was subsequently tried and hanged.
၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၉ ရက်နေ့တွင် ရန်ကုန်မြို့၊ အတွင်းဝန်များရုံး၌ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည် ၉ ဦး တို့သည် လုပ်ကြံခံခဲ့ရပါသည်။

(ယခုဖော်ပြပါအကြောင်းအရာများသည်  http://kyawhtetwin.blogspot.com/2013/08/blog-post_6547.html မှပြန်လည်ကူးယူတင်ပြခြင်းဖြစ်သည်)
"ဦးစောက အောင်ဆန်းကို သတ်တာ မဟုတ်ဘူး။ ဒါကို ငါလည်း သိတယ်။ မင်းတို့ ဗြိတိသျှတွေလည်း သိတယ်။ ဘာဖြစ်လို့လဲဆိုတော့ မင်းတို့က အဲဒီလုပ်ကြံမှုရဲ့ နောက်ကွယ်မှာ ရှိနေလို့ပဲ.."။
(၁၉၄၇ စက်တင်ဘာလအတွင်း သခင်သန်းထွန်း (ဗိုလ်ချုပ် မယား ညီအကို) က ရန်ကုန် ဆူးလေ ဘုရားလမ်းရှိ အရှေ့အာရှ တလွှား အလျားအရှည်ဆုံး အရက်ဘား ဟု အဲ့ခေတ်တုန်းက နာမည် ကြီးတဲ့ အရာရှိများကလပ်မှာ ဗြိတိသျှ လူငယ် စစ်ဗိုလ် အန်တိုနီ စတိုနာကို ချဲတဲ့ စကား..)
ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုမှာ ဗြိတိသျှရဲ့ နောက်ကွယ်က ပါဝင်ပတ်သက်၊ ကြိုးကိုင်မှု ရှိ/ မရှိ သုံးသပ် ချက်တွေကို ဗြိတိသျှ နိုင်ငံခြားရေးဌာနက ဆက်စပ်တဲ့ လျှို့ဝှက် မှတ်တမ်းတွေ ထုတ်ခွင့်ရတဲ့ အချိန် ကာလရောက်မှ  မှတ်တမ်းရုပ်ရှင် အဖြစ် ပေါ်ထွက်လာခဲ့တဲ့ ဘီဘီစီရဲ့ ရုပ်မြင်သံကြား အစီအစဉ် "အောင်ဆန်းကို တကယ် ဘယ်သူသတ်သလဲ.. (Who Really Killed Aung San?, BBC Documentary Programme, 1997)" အပါအဝင် ဦးခင်အောင်ရဲ့ "အောင်ဆန်းကို ဘယ်သူ သတ် သလဲ" (Who Killed Aung San?, 1993) စာအုပ်လိုနဲ့ အခြား သမိုင်းစာအုပ်တွေမှ တဆင့် သိခွင့်ရလို့ လူအများ စဉ်းစားဆင်ခြင် နိုင်ကြတယ်လို့ ယူဆရတယ်..။

ဒီရှုပ်ထွေး နက်နဲပြီး အရုပ်ဆိုးလှတဲ့ နိုင်ငံရေး လုပ်ကြံမှုကြီးရဲ့ အခြားနောက်ခံ ကွင်းဆက် ဖြစ်တဲ့ စစ်တပ်၊ အထူးသဖြင့် ဗိုလ်နေဝင်းရဲ့ လက်ချက်မကင်းပုံတွေကိုလည်း အထက်မှာ ဆိုခဲ့တဲ့ အစီ အစဉ်နဲ့ စာအုပ်မှာ တစွန်းတစ တွေ့နိုင်၊ မြင်နိုင်၊ စဉ်းစားသုံးသပ် နိုင်ပေမယ့် လူတွေအကြား၊ အထူး သဖြင့် လူငယ်တွေအကြား သိပ်သတိမထားမိကြဘူးလို့ ထင်တယ်။ 
 
ကြေးမုံဦးသောင်းရဲ့ စာအုပ်တွေ ဖတ်ရင် ဗိုလ်နေဝင်းဟာ ဂျပန်မှာ စစ်ပညာသင်စဉ်ကာလက စပြီး နောက်ပိုင်း တလျှောက်လုံး စစ်တပ်ရာထူး အထွပ်အထိပ်ကို ရောက်နိုင်ဖို့ အမျိုးမျိုးကြံစည် လုပ် ဆောင်ခဲ့ပုံတွေကို သိနိုင်တယ်။

အခြား သမိုင်းနောက်ခံ စာအုပ်တွေဖြစ်တဲ့ သိန်းဖေမြင့်တို့၊ သခင်တင်မြတို့ စာတွေမှာလည်း ဗိုလ်နေ ဝင်း ဂျပန်ခေတ်မှာ ဗိုလ်မောင်မောင်၊ ဗိုလ်အောင်ကြီးတို့နဲ့ ဆရာမွေး၊ တပည့်မွေး လုပ်ကြပြီး မြေ အောက်တော်လှန်ရေး ဦးဆောင်နေတဲ့ သခင်စိုးနဲ့ သွားတွေ့၊ ညှိ၊  ဂျပန် လက်နက်ကိုင် တော်လှန်ရေး စလုပ်ဖို့ ဆွေးနွေးခဲ့တာတွေ၊ သခင်စိုးက သူတို့ စစ်တပ်ကလူချင်း အာဏာလုပွဲမှာ ငါက ဘာလို့ ခေါင်း ခံရမလဲဆိုပြီး ငြင်းလွှတ်လိုက်တာတွေ စတဲ့ ဗိုလ်နေဝင်ရဲ့ အထက်ကို ဖြတ်လမ်းက ရောက်ဖို့ ကြံခဲ့တဲ့ ကလိမ်ဉာဏ်တွေကို သိနိုင်တယ်။ 

ဂျပန်တော်လှန်ရေး တကယ်စတော့လည်း ဗိုလ်နေဝင်းဟာ သူတာဝန်ကျတဲ့ ဒေသမှာ မနေဘဲ ရန်ကုန် မှာ ဂျပန်ဆုတ်တဲ့ သတင်းကြားတော့ ရန်ကုန်ကို အမိန့်မရဘဲ သွား၊ သူတကယ် မပါခဲ့ဘဲနဲ့ ခပ်တည် တည်နဲ့ သူဦးဆောင်တဲ့ ဗမာ့တပ်မတော်က ရန်ကုန်ကို သိမ်းလိုက်ပြီဖြစ်ကြောင်း သူ့လက်မှတ်နဲ့ စာ ထုတ်၊ မြန်မာ့အသံမှာ လွှင့် စတာတွေ လုပ်ပြီး ဝင်လာတော့မယ့် ဗြိတိသျှကို သူဟာ ဗမာစစ်တပ် ခေါင်းဆောင်ဖြစ်ကြောင်း သက်သေပြုနိုင်ဖို့ လုပ်ခဲ့တယ်။ သခင်စိုးတောင် မျက် စေ့ မလည်ခဲ့တဲ့ အကွက်ကို လူပါးတွေဖြစ်တဲ့ ဗြိတိသျှ တွေကလည်း ပိုနားလည်တဲ့အတွက် နောက် ပိုင်း တွေ့ဆုံ ဆွေးနွေး ညှိနှိုင်းမှုတွေကို ဗိုလ်ချုပ်နဲ့သာ လုပ်ခဲ့တယ်။
ဂျပန်တော်လှန်ရေးအတွက် နောက်ဆုံး ဗိုလ်ချုပ်အိမ်မှာ ဆွေးနွေးကြတော့ ဗိုလ်ချုပ်က ဗိုလ် နေဝင်းကို မယုံကြည်တဲ့အတွက် တာဝန်တွေကို လျှော့ချပစ်ခဲ့တယ်။ မယုံကြည်နိုင်လောက်တဲ့ အကြောင်းတွေကလည်း ရှိခဲ့တယ်။ ဗိုလ်နေဝင်းဟာ စစ်ကြို အင်္ဂလိပ်ခေတ် ကောလိပ်ကျောင်းသား ဘဝနဲ့ နောက်ပိုင်း စာတိုက်စာရေး ဘဝတွေမှာ အပျော်အပါး လောင်းကစားကြောင့် အမြဲ ငွေလိုနေတဲ့ အတွက် အင်္ဂလိပ်အစိုးရရဲ့ သတင်းပေး လုပ်ပေးဖူးခဲ့တယ်ဆိုတဲ့ သံသယ အကြောင်းတွေ ရှိတယ်။ ဒါ့အပြင် ဂျပန်ခေတ်ရောက်တော့ အထက်မှာဆိုသလို ရာထူးလိုချင်တာကြောင့်ပါ ဂျပန်တွေနဲ့ ပလူး ပလဲ နေခဲ့တယ်။ ဗိုလ်နေဝင်း သိနေတဲ့ အင်္ဂလိပ်ဘက်က ချန်ခဲ့တဲ့ သူလျှိုတွေ ဂျပန် ဖမ်းပြီး အသတ်ခံ ခဲ့ရဖူးတဲ့ သာဓကတွေ ရှိတော့ အားလုံးက ဗိုလ်နေဝင်း ဂျပန်သတင်းပေးလည်း လုပ်နေပြီလားဆိုပြီး ဂျပန်တော်လှန်ရေး စမယ့်အချိန်မှာ သံသယနဲ့ ကြောက်နေတယ်။ သို့သော် ဗိုလ်ချုပ်က သူလျှိုမှုနဲ့ ပတ်သက်ပြီးတော့ တိတိကျကျ အရေးယူတာမျိုးတော့ မရှိခဲ့ဘူး။ 
ဗိုလ်ချုပ်က ဗိုလ်နေဝင်းကို ဟိုင်နန်မှာကတည်းက အသက်အရွယ်အရရယ်၊ တဘက်ဂိုဏ်း (သခင် ဗစိန်- ထွန်းအုပ် ဒို့ဗမာအစည်းအရုံး) က သူလည်း ဖြစ်တဲ့ အတွက် ညီညွတ်မှု ပြချင်တာရယ် အပြင် သူရဲ့ ဥာဏ်ကောင်း၊ ထက်မြက်၊ အထက်လူကြီး ခိုင်းရင် ဖင်ပေါ့ သွက်လက် လုပ်ပေးတတ်တဲ့ အကျင့်ကြောင့် မျက်နှာသာ ပေးခဲ့တယ်။
ဒါပေမယ့် ရဲဘော် သုံးကျိပ်မှာ အထက်အောက် အဆင့်အရ သူအထက်မှာ ပိတ်ခံနေတဲ့ သူတွေ အများကြီးဆိုတာ သိတဲ့အပြင်၊ သူရဲ့ နိုင်ငံရေး အရည်အချင်း မရှိမှု၊ နောက်ခံ သမိုင်း မကောင်းမှုတွေကြောင့် ထိပ်ဆုံး မရောက်နိုင်ဘူးဆိုတာကို ဗိုလ်နေဝင်းက အဲ့ဒီ အချိန်ကတည်းက ကောင်းကောင်းနားလည်ထားပြီး ဖြစ်တဲ့အတွက် မကျေမနပ် ဖြစ်နေကာ  ထိပ်ကို လှမ်းနိုင်ဖို့ အောက် လမ်းနည်းအမျိုးမျိုးနဲ့ အမြဲ ကြံစည်ခဲ့တယ်။
ရဲဘော် သုံးကျိပ်မှာ စစ်ခေါင်းဆောင် အနေနဲ့ ဗိုလ်ချုပ်၊ နိုင်ငံရေး ခေါင်းဆောင် အနေနဲ့ သခင်ထွန်းအုပ်၊ ဒုတိယ စစ်ခေါင်းဆောင် အနေနဲ့ ဗိုလ်လင်္ကျာ (သခင်လှဖေ)၊ နောက်စစ်ခေါင်းဆောင် တွေအဖြစ် ဗိုလ်ဇေယျ (သခင် လှမောင်)၊ ဗိုလ်စကြ်ာ (သခင်အောင်သန်း၊ သခင် ဗစိန်- ထွန်းအုပ် ဂိုဏ်း) တို့ဟာ ဗိုလ်နေဝင်းရဲ့ အထက်အဆင့်အနေနဲ့ ရှိခဲ့တယ်။
ဘီအိုင်အေတပ် ယိုးဒယားကနေ ဗမာပြည်ကို စဝင်တော့ သူ့ကို ရှေ့ပြေး တပ်အဖြစ်နဲ့ လျှို့ ဝှက် မြေအောက် အဖျက်လုပ်ငန်းတွေ လုပ်ဖို့ လွှတ်လိုက်တယ်။ ဒါပေမယ့် ဘာမှ မယ်မယ်ရရ မလုပ် ဘဲ ရန်ကုန်မှာ မြေအောင်လှုပ်ရှားနေတဲ့ နိုင်ငံရေးသမားတွေဆီ သွားပြီး ပုန်းနေခဲ့တယ်။
ယိုးဒယားမှာ ရဲဘော်သုံးကျိပ် လက်မောင်းသွေးဖောက်သောက် သစ္စာကတိပြုကြတော့ ဗိုလ် နေဝင်းက ဖာအိမ်ရောက်နေလို့ မပါခဲ့ဘူးလို့ အတည်မပြုနိုင်တဲ့ ဆိုရိုးရှိတယ်။
[ ဒါကြောင့် ၁၉၄၈ လွတ်လပ်ရေး ရပြီး တပ်တချို့ တောခိုတော့ အစ ဗိုလ်နေဝင်းက စစ်တပ် ကို ဦးဆောင်ပြီး တောခိုမယ်၊ ဦးသိန်းဖေမြင့်က နိုင်ငံရေး ခေါင်းဆောင် အနေနဲ့ တောခိုမယ်ဆိုတဲ့ အကြံအစည်ကို ဗိုလ်နေဝင်း ကတိသစ္စာ ဖျက်ခဲ့တာဟာ လက်မောင်းသွေး မသောက်ခဲ့လို့ဆိုပြီး အဆို ရှိတယ်။ ရိုးတဲ့ ဗိုလ်ဇေယျာကတော့ တောထဲပါသွားခဲ့တယ်..။ ]
ဦးသိန်းဖေမြင့်ကို အဲ့အချိန်မှာ သူ့သူငယ်ချင်း ဦးကျော်ငြိမ်းက တောမခိုစေချင်လို့ နေအိမ်ကို ထမင်းစား ဖိတ်ပြီး ထောင်ထဲ ထည့်ထားလိုက်တယ်။ ဗိုလ်နေဝင်း လိုက်မသွားတာကတော့ တောခိုတဲ့ အဖွဲ့အစည်းတွေ အနေနဲ့ အာဏာရဖို့က မသေချာတာရယ်၊ လက်ကိုင်ကိုင် ရောင်စုံ အဖွဲ့အစည်းတွေ တောခိုနေပြီးဖြစ်လို့ အရူးမီးဝိုင်းသလို ဖြစ်နေတဲ့ ဦးနု အစိုးရကို စစ်တပ် ခေါင်းဆောင် အနေနဲ့ အကြပ် ကိုင် ရာထူးတောင်းတာက ပိုသေချာတဲ့အတွက်လို့ ယူဆရတယ်။ တကယ်လည်း ရာထူးရခဲ့တယ်။ တကယ် တိုက်ပေးရတာကတော့ နာမည်ကျော် ဗိုလ်မှုးချုပ် ကျော်ဇောပဲ ဖြစ်တယ်။ ဗိုလ်မှုးချုပ် ကျော် ဇောက ကိုယ်တိုင်ဦးဆောင်ပြီး ရန်ကုန်အစိုးရလို့ နိုင်ငံတကာမှာ လူအဟားခံ ဖြစ်နေရတဲ့ အခြေအနေ ကနေ နိုင်အောင် တိုက်နိုင်ခဲ့တယ်။
[ ဗိုလ်မှုးချုပ်ကျော်ဇော ကိုယ်တိုင်လည်း အဲ့တုန်းကတော့ ကရင်ကို တိုက်ရတာ နယ်ချဲ့ ပယောဂကြောင့် ဆိုပြီး မှန်တယ်လို့ ယူဆဖူးတဲ့အကြောင်း သူ့ကိုယ်တိုင်ရေး စာအုပ်မှာ ဝန်ခံဖူး တယ်။  စကားမစပ်- ဗိုလ်မှုးချုပ် ကျော်ဇော အကြောင်းကို သူကိုယ်တိုင် ရေးတာအပြင် ဦးလွင်၊ ဦး တင်ဦးတို့ ပြောတာတွေကကို လူငယ်တွေ ရှာပြီး ဖတ်စေချင်တယ်။ တကယ့် စစ်သားကောင်းကြီး အကြောင်းကို သိရမယ်။ ]
ဂျပန်ခေတ် တလျောက်လုံး ဗိုလ်နေဝင်းရဲ့ စစ်တပ်ရာထူးဟာ သူရဲ့ လောင်းကစား ဝါသနာ၊ မိန်းမ လိုက်စားမှုစတဲ့ အကျင့်စာရိတ္တပိုင်းဆိုင်ရာ အားနည်းမှုတွေကြောင့် ဗိုလ်ချုပ်ရဲ့ အမြဲ ရာထူးချ လိုက်၊ တက်ပေးလိုက် လုပ်ခြင်းခံရတယ်။ ဗိုလ်ချုပ်က ဗိုလ်နေဝင်း မကောင်းမှန်းသိပေမယ့် အ ကြောင်းကြောင်းကို ထောက်ထားပြီး အတတ်နိုင်ဆုံး သက်ညှာစဉ်းစားပေးခဲ့တယ်..။
ဒီအားနည်းချက်မျိုး ဦးနုမှာလည်း ရှိခဲ့တယ်။ ဗိုလ်နေဝင်း လင်ကြီး ငုတ်တုတ်ရှိတဲ့ ဒေါ်ခင်မေ သန်းကိုယူတော့ ဒါဟာ တရားဥပဒေ အရကေ၊ လူမှု ကျင့်ဝတ်အရပါ လက်ခံနိုင်စရာ မရှိတဲ့အတွက် အင်မတန် ဘာသာတရား ကိုင်းရှိုင်း၊ အကျင့်သီလ စင်ကြယ်တဲ့ ဦးနုက စစချင်းမှာ လုံးလုံး သည်းမခံ ဘဲနဲ့ ဗိုလ်နေဝင်းကို ရာထူးက အနားပေးဖို့ ဆုံးဖြစ်ခဲ့တယ်။ ဒါကို ဗိုလ်နေဝင်းကြားတော့ ဆိုရှယ်လစ် ခေါင်းဆောင်တွေက တဆင့် ဦးနုကို ရှိခိုးမတတ် တောင်းပန် ဦးညွှတ်၊ မှားမိကြောင်း ဝန်ခံတယ်။ ကျန်တဲ့ သူတွေကိုလည်း ဦးနုကို ဖြောင်းဖျ ပေးဖို့ လိုက်တောင်းပန်တယ်။ ဒါနဲ့ပဲ  ဦးနုရဲ့ ဗိုလ်နေဝင်းကို ဖြုတ်ရေး အစီအစဉ် အကောင်အထည် မပေါ်ခဲ့ဘူး။ ဗမာပြည် ကံဆိုးခဲ့တဲ့ အကြောင်းတချက်လို့ တောင် ဆိုနိုင်တယ်။
ဒုတိယ ကမ္ဘာစစ်အပြီး ကန္ဒီစာချုပ်၊ လင်္ကျာ- ဖရီးမင်းတို့ အရ ဖွဲ့စည်းခဲ့တဲ့ ခေတ်သစ် ဗမာ့ တပ်မတော် ရာထူးအဆင့်မှာလည်း ဗိုလ်ချုပ် တပ်ကနေ အနားယူသွားပြီ ဖြစ်တဲ့အပြင် ဗိုလ်ဇေယျ (ကြည်း ၃၅၀၃) ထက် အမှတ်စဉ် တဆင်ြ့မင့်တဲ့ (ကြည်း ၃၅၀၂) အမှတ်စဉ်ကို အကြောင်း အမျိုးမျိုးကြောင့် အရယူနိုင်ခဲ့ပေခဲ့ အထက်မှာ ဗိုလ်လင်္ကျာ (ကြည်း ၃၅၀၁) အပြင် အခြား အင်္ဂလိပ် တပ်က ဗိုလ်မှုးချုပ် စမစ်ဒွန်း (ဒုတိယ ကမ္ဘာစစ်အတွင်းက ဗိုလ်မှုးကြီး လေးပေလို့ နာမည်ကြီးခဲ့တဲ့ နောက် ဗမာ့တပ်မတော်ရဲ့ ပထမဆုံး ကာကွယ်ရေးဦးစီးချုပ် ဖြစ်ခဲ့တဲ့ သူ)၊ ဗိုလ်မှုးကြီး စောကြာဒိုး (အင်္ဂလန် ဆင်းဟဒ် စစ်တက္ကသိုလ် ဆင်း) တို့လို ဝါရင့် ကရင် စစ်ဗိုလ်ကြီးတွေ ရှိခဲ့တဲ့အတွက် ဗိုလ် နေဝင်းဟာ သူရဲ့ စစ်တပ် ရာထူးတက်ရေး ရည်မှန်းချက် အလှမ်းဝေးနေဆဲဖြစ်ကြောင်းကို ကောင်း ကောင်းသိခဲ့တယ်။ အောင်ဆန်း- အက်တလီ စာချုပ်၊ နု- အက်တလီ စာချုပ်၊ လင်္ကျာ- ဖရီးမင်း၊ အစ ရှိတဲ့ သမိုင်းမှတ်တိုင်တွေသာရှိတဲ့ ဗမာ့ လွတ်လပ်ရေးနဲ့ ဗမာ့တပ်မတော် သမိုင်းမှာ သူဟာ ညစ်ပတ် တဲ့ ဖြတ်လမ်းနည်းမှ မသုံးရင် ထိပ်ဆုံးမရောက်ဘူးဆိုတာကိုလည်း ဗိုလ်နေဝင်း ကောင်းကောင်း သိခဲ့တယ်။
ဗိုလ်နေဝင်းဟာ အထက်မှာ ဆိုသလို ရာထူးကြောင့်ရယ်၊ နိုင်ငံရေးအရ အစစ အရာရာ သူ့ ထက်သာတဲ့ ဗိုလ်ချုပ်အပါအဝင် သူ့အထက်က သူအားလုံးကို မလိုမုန်းတီမှု ရှိခဲ့တယ်။ ဗိုလ်ချုပ် အပေါ်မှာဆို ပုဂ္ဂိုလ်ရေး မုန်းတီးမှုပါ ရှိခဲ့တယ်လို့ ဆိုကောင်းဆိုနိုင်တယ်။
အကြောင်းက ဗိုလ်နေဝင်းဟာ ဂျပန်ခေတ် စစ်ရုံး (ပျဉ်းမနား) မှာ တာဝန် ထမ်းဆောင်နေရင်း နဲ့ သူ့အကျင့် အတိုင်း တပ်ထဲမှာ မိန်းမပျက်၊ မိန်းမရွှင်၊ မိန်းမကောင်း မျိုးစုံနဲ့ ဇိမ်ခန်း သဖွယ် ပျော်ပါး လေ့ရှိတယ်။ တဖြည်းဖြည်းနဲ့ အဲ့အကြောင်းက ဗိုလ်ချုပ်နား ရောက်သွားတယ်။ အဲ့အချိန်လောက်မှာပဲ ဗိုလ်နေဝင်းက ပျဉ်းမနားမှာ မိန်းမကောင်း တစ်ယောက်ကို ကျူးလွန်တဲ့ အဓမ္မ မုဒိမ်းကျင့်မှု ဖြစ်တယ် လို့ဆိုတယ်။ အဲ့တော့ ဗိုလ်ချုပ်က အင်မတန် စိတ်ဆိုးသွားပြီး ဒေါသ ထွက်ထွက်နဲ့ တပ်ကို စစ်ရင်း ဗိုလ်နေဝင်းကို လူလယ်ကောင်မှာ ပါးရိုက် ဆုံးမခဲ့တယ်လို့ အဆိုရှိတယ်။
[အဲ့အဖြစ်အပျက်လို့ မှန်းဆနိုင်တဲ့ ဗိုလ်ချုပ်နဲ့ ဗိုလ်နေဝင်း တွဲလျက် ရှားပါး ဓာတ်ပုံ၊ ဗိုလ်ချုပ်က သုန်မှုန်နေတဲ့ ရုပ်နဲ့၊ ဗိုလ်နေဝင်းက သတိ ဆွဲထားတဲ့ အနေနဲ့ ပုံ ရှိခဲ့တယ်..။]
အဲ့ဒီ (အတည်မပြုနိုင်တဲ့) အဖြစ်အပျက်ကို ဗိုလ်နေဝင်းက အင်မတန် အငြိုးတကြီး ရှိခဲ့တယ်။ အရှက်ရခဲ့တယ်လို့ ယူဆရတယ်။
တခါက ဗိုလ်နေဝင်း သမီးတယောက်က ဒေါ်စုနဲ့ စကား အချီအချ ဖြစ်တော့ “ဦးစောကို သေ နတ်တွေ ပေးလိုက်တာ ငါ့အဖေဟဲ့” လို့ ပြောဖူးကြောင်း ဆက်စပ်တဲ့ ကောလဟလဆန်ဆန် အတွင်း ဇာတ်လမ်းတွေလည်း ရှိခဲ့တယ်။
ပျဉ်းမနား အဖြစ်အပျက်က အတည်မပြုနိုင်ပေမယ့် ဂျပန်ခေတ်တလျှောက်လုံး ဗိုလ်နေဝင်း အဲ့မှာ အဲ့လို ဖာတသိုက်နဲ့ ပျော်ပျော်ပါးပါး နေခဲ့တာကတော့ အမှန်ပဲ ဖြစ်တယ်..။ အခြား ဆက်စပ်တဲ့ မိန်းမ ဇာတ်လမ်းတွေလည်း အများကြီး ရှိခဲ့တယ်..။
[ သူနောက်ပိုင်း အာဏာရတဲ့အချိန် စနာမည်ကြီးလာတဲ့ မင်းသမီးတယောက်ကို တော် ကောက်ဖို့ ကြံရွယ်တဲ့ ကိစ္စ မဖြစ်မြောက်ခဲ့တာက အဲ့မင်းသမီးဟာ သူ့ရဲ့ ဂျပန်ခေတ် ပျဉ်းမနား ဇာတ် လမ်းရှုပ်တခုနဲ့ ဆက်စပ်ပြီး သူ့သမီးအရင်း ဖြစ်နိုင်ကြောင်း ထောက်လှမ်းရေးက စုံစမ်း တင်ပြတဲ့ အတွက်လို့လည်း လူပြောများခဲ့ဖူးတယ်။ ဘယ်သူလဲဆိုတာတော့၊ ကောလဟလ သတင်းဖြစ်တာ ရယ်၊ အားလုံးလည်း သိကောင်း သိနိုင်မှာဖြစ်တဲ့ အပြင် ကာကယံရှင်လည်း သက်ရှိ ထင်ရှားရှိနေ တော့ နာမည် မရေးတော့ပါ။ ဗမာပြည် အာဏာရှင် စနစ် ခေတ်တလျှောက်လုံး သတင်းမှန်တွေဟာ ကောလဟလ အနေနဲ့ ထွက်ခဲ့တယ်ဆိုလည်း သတိပြုရပါမယ်..။]
ပုဂ္ဂိုလ်ရေး အငြိုး ရှိရှိ / မရှိရှိ အထက်မှာ ဆိုခဲ့သလို ဗိုလ်နေဝင်းဟာ နိုင်ငံရေးနဲ့ ရာထူး ရည် မှန်းချက်တွေကြောင့် ဗိုလ်ချုပ်ကို ဖြုတ်ချင်တယ်ဆိုတာတော့ ထင်ရှားတယ်။ ဒါကြောင့် ဗိုလ်ချုပ်တို့ လုပ်ကြံခံရမှုကို လမ်းဖွင့်ပေးခဲ့သလားဆိုတာဟာ ထည့်သွင်းစဉ်းစား သုံးသပ်ရမယ့် သမိုင်းအချက် ဖြစ်တယ်။
ဦးစောနဲ့ ကြံရာပါဟာ ဗိုလ်နေဝင်း ဖြစ်ဟန်ရှိလို့ သဲလွန်စလိုက်ရှာတဲ့ ဦးတင်ထွဋ်နဲ့ ဦးထွန်းလှ အောင် တို့ကိုလည်း ဗိုလ်နေဝင်းက အမြဲ သတိထားခဲ့တယ်။ ဦးတင်ထွဋ်ဆိုရင် ဗုံးခွဲလုပ်ကြံ ခံခဲ့ရ တယ်။ ဗိုလ်နေဝင်းက တခါတုန်းက ဗမာ့ခေတ် ဦးအုန်းခင်ကို “ကိုအုန်းခင် တင်ထွဋ်ကို သတ်တာ ဘယ်သူလဲဆိုတာ သိရဲ့လားလို့” ဆိုပြီး စသလို နောက်သလို ပြောရင်း ခြိမ်းခြောက်ဖူးတယ်လို့ ကြေးမုံ ဦးသောင်းက အတိအလင်း ရေးဖူးတယ်။
ဒါကတော့ မနေ့က အာဇာနည်နေ့နဲ့ ဆက်စပ်ပြီး နောက်ခံ သမိုင်းအချက်တချို့ကို  လက်လှမ်း မမီတဲ့ လူငယ်တွေသိစေဖို့ ရောက်တတ်ရာရာ ရေးခြင်းဖြစ်ပါတယ်။ ဘယ်သူ့အပေါ်မှ ပုဂ္ဂိုလ်ရေး ထိ ခိုက်နစ်နာစေလိုချင်စိတ် မရှိပါ။ နောင် အလျင်းသင့်ရင် ဆက်စပ်တဲ့ အကြောင်းတွေကို အခြား အထောက်အထား ခိုင်ခိုင်လုံလုံနဲ့ ဆောင်းပါး ပုံစံ ဖြစ်အောင် ရေးပါဦမယ်။
ငြိမ်းချမ်းအေး
၂၀ ၊ ဇူလိုင် ၊ ၂၀၁၂
(မှတ်ချက် - ခု အထက်မှာ ရေးတဲ့ အထဲမှာလည်း ပျဉ်းမနား မုဒိမ်းမှုနဲ့ ဆက်စပ်တဲ့ကိစ္စ ကလွဲလို့ အားလုံးဟာ အထောက်အထား ရှိပါတယ်။)
(ယခုဖော်ပြပါအကြောင်းအရာများအား http://kyawhtetwin.blogspot.com/2013/08/blog-post_6798.html မှကူးယူဖော်ပြခြင်းဖြစ်သည်)
ဗိုလ်ချုပ်အောင်ဆန်း သည် မြန်မာ့လွတ်လပ်ရေး ဗိသုကာ ဖြစ်သည် ။ လွတ်လပ်ရေး ဗိမာန်ကို တည်ဆောက်ပေးသူ ဟု ဆိုလိုသည်။ သို့သော် ဗိုလ်ချုပ်အောင်ဆန်းသည် လွတ်လပ်ရေး ဗိမာန်ကို တည်ဆောက်ပေးရုံမျှသာ ပေးခဲ့သည် မဟုတ်။ ထိုဗိမာန်ကြီး အဓွန့်ရှည်စွာ တည်မြဲစေရန် အလို့ငှာ အနာဂတ်ကို မြှော်၍ လူမှုရေး၊ စီးပွားရေး စနစ်တို့ကို ပါ ချမှတ်ပေးခဲ့သူ ဖြစ်သည်။

တရံရော အခါက ကျွန်ုပ်တို့သည် ဗိုလ်ချုပ်အောင်ဆန်း ၏ ဆိုရန်တိုဗီလာ စီမံကိန်း ဟု မကြာခဏ ပြောခဲ့ကြ ဆိုခဲ့ကြသည်။ ထိုစီမံကိန်း ၏ အစဉ်ကို လိုက်၍ လေးနှစ် စီမံကိန်း၊ ငါးနှစ်စီမံကိန်း စသည်တို့ကိုလည်း ချမှတ်ခဲ့ကြ ပါ၏။ သို့ရာတွင် ကိုယ်ထိ လက်ရောက် ဆောင်ရွက် ကြသော အခါ စီမံကိန်း၏ ရည်ရွယ်ချက်က တစ်ခြား၊ မိမိ လုပ်ချင်ရာ က တစ်ခြားနှင့်မို့ ငါးသိုင်းများ ဟင်းဟုန် ဖြစ်ကုန် ကြရသည် သာမက နောက်ဆုံး၌ ဝိဝါဒ အမျိုးမျိုး ပေါ်ပေါက်၍ ပြည်ထောင်စု တည်း ဟူသော အစုအပေါင်း ကြီးမှာ အစိတ်စိတ် အမွှာမွှာ ဖြစ်ရတော့ မည် သို့ ရှိခဲ့ လေသည်။

ယင်း အဖြစ်အပျက်ကို ကောင်းစွာ ဆင်ခြင်၍ ယခု အခါ ရည်မှန်းချက် တို့ကို အခိုင်အမာ ချမှတ်ပြီးလျှင် စီးပွားရေး၊ လူမှုရေး တို့ကို ပြန်လည် ထူထောင်လျက် ရှိနေပေရာ ဗိုလ်ချုပ်၏ အမြော်အမြင်တို့သည် ကျွန်ုပ်တို့ ၏ လုပ်ပုံလုပ်နည်း များ စနစ်ကျအောင် လမ်းညွှန်လိမ့်မည် ဟု ယုံကြည် ပါသည်။

၁၉၄၇ နှစ် ဇွန်လ ၆ ရက်နေ့ တွင် ယခု ပြည်လမ်း စာပေ ဗိမာန် တည်ရာ ဆိုရန်တိုဗီလာ အဆောက်အဦ၌ ဗိုလ်ချုပ်အောင်ဆန်းသည် အစိုးရ အရာရှိများနှင့် အရာရှိမဟုတ်သူ လူထု ခေါင်းဆောင်များကို ဖိတ်ကြား၍ မြန်မာနိုင်ငံ ပြန်လည် ထူထောင်ရေး အတွက် အစည်းအဝေးကြီး တစ်ခုကို ဦးဆောင်ပြီးလျှင် ကျင်းပခဲ့လေသည်။ ထို အစည်းအဝေး ကြီးကို ခေါ်ရခြင်း အကြောင်းမှာ
လွတ်လပ်စ မြန်မာနိုင်ငံကို နှစ်နှစ်တာ ကာလ အတွင်း မူလ အခြေအနေသို့ ပြန်ရောက်လေအောင် နိမ့်ကျသော စီးပွားရေး အခြေအနေကို မည်သို့ မြှင့်တင်ရမည် ဆိုသော ပြဿနာ ကို စဉ်းစားကြဖို့ ဖြစ်သည်။

 ယင်းပြဿနာကို စဉ်းစားရာ၌ ရှေးဦးစွာ ( ၁ ) မြန်မာနိုင်ငံ စီးပွားရေး အခြေအနေကို တိတိကျကျ သိရှိ ရလေအောင် စာရင်းအင်း အချက်အလက်များ ရှာဖွေ ပေးရန်။ ( ၂ ) ထို အချက်အလက်များကို မှီ၍ အကြံဥာဏ်ပေးသော စီးပွားရေး စီမံကိန်း များကို ရေးဆွဲရန်။ ( ၃ ) စီမံကိန်းများတွင် သုံးစွဲဖို့ရာ ဘဏ္ဍာငွေကြေး ရှာဖွေရန်။ ( ၄ ) စီမံကိန်း ဖြစ်မြောက် စေဖို့ရာ နည်းလမ်းများကို ရှာဖွေရန်။ ( ၅ ) ထိုထိုသော စီမံကိန်းများကို စုပေါင်း စစ်ဆေး ညှိနှိုင်း၍ အတည်ပြု ဆုံးဖြတ်ရန် ဆိုင်ရာ ဆိုင်ရာ အဖွဲ့များ ဖွဲ့စည်းကြမည် ဟု သဘောတူ ကြလေသည်။

ဗိုလ်ချုပ်အား သူ၏ ကျောင်းနေဘက် သူငယ်ချင်းများက အတွေးသမား အငေးသမား ဟုသာ ယူဆခဲ့ကြသည်။ သို့ရာတွင် ဗိုလ်ချုပ်သည် ၁၉၄၀ ပြည့်နှစ် မှ စ၍ မြန်မာနိုင်ငံ လွတ်လပ်ရေးကို ရည်စူး၍ တော်လှန်ရေး လုပ်ငန်းကြီးကို တီထွင် ဆောင်ရွက် လာခဲ့ရာ ဗိုလ်ချုပ်၏ အတွေ့အကြုံ တို့သည် ဗိုလ်ချုပ်အား လက်တွေ့ သမားကြီး ဖြစ်အောင် ဖန်တီး ခဲ့လေပြီ။ ထို့ကြောင့် ထိုနေ့ ထိုရက်က နှစ်နှစ် စီမံကိန်း ကြီး အတွက် စိတ်အား ထက်သန် စွာဖြင့် စကား အချီးများကို ပြောဆိုနေသော ဗိုလ်ချုပ် သည် လက်တွေ့ သမားကြီး ဖြစ်၍ နေချေပြီ။

ကျွန်တော် ယခု သတိရသမျှ ပြန်၍ တွေးကြည့်လိုက်သော အခါ အစည်းအဝေး စရန် လူစုံပြီ ဆိုသည်နှင့် တပြိုင်နက် ဂျပန် ခေတ်အတွင်းက အခက် အခဲ မျိုးစုံကို ကြုံတွေ့ခဲ့ဖူးသော အရာရှိ ကြီးငယ် အပေါင်း တို့မှာ ခဲမှန်ဖူးသော စာသူငယ် ကဲ့သို့ ရှိကြလေရာ နောက်ထပ် တွေ့ကြုံ ရမည့် အခက်အခဲများကို မည်သို့ ခုန်ပျံ ကျော်လွှား နိုင်ပါမည် နည်း ဟု တွေးတော နေကြပုံ ရပါသည်။ ခါချဉ် ကောင် မာန်ကြီး၍ တောင်ကြီး ဖြိုမည့်ကြံ ခါးက မသန် ဟူသော စကားကို လက်သုံး စကားပြု၍ ပြောဆို နေကြသည်။
ဂျပန် ခေတ် အတွင်း ဗိုလ်ချုပ်နှင့် အတူ ဆက်ဆံ၍ အလုပ်လုပ် ခဲ့ကြသူ အရာရှိကြီး များသည် ဗိုလ်ချုပ်၏ လုပ်ရည် ကိုင်ရည်ကို များစွာ လေးစား ကြသည်။ သို့သော် အချို့ အချို့မှာမူကား ဂျပန် ခေတ် အတွင်းက ဗိုလ်ချုပ် လုပ်ပုံ ကိုင်ပုံ ကို ကိုယ်တွေ့ တွေ့ရသူများ မဟုတ်ချေ။ အချို့ကား ဂျပန်ခေတ် အတွင်း ဆင်းမလား မြို့၌သာ နေထိုင် ခဲ့ကြသည် ဖြစ်ရာ မြန်မာ့ ဒုက္ခ ဟူသည်ကို တစ်ဆင့် စကားသာ ကြားဖူး ကြသည်။ ဂျပန်ခေတ် ၌ ကျွန်တော်တို့ ဆင်းဆင်းရဲရဲ ငတ်ငတ် ပြတ်ပြတ် နှင့် အန္တရာယ် အသွယ်သွယ် အကြားတွင် စွန့်စွန့်စားစား လုပ်ခဲ့ရပုံကို သူတို့သည် ဒန္တာရီ စကား ကဲ့သို့သာ အောက်မေ့ နေကြပါလိမ့်မည်။ အချို့ကလည်း ဗိုလ်ချုပ်သည် သူတို့ မျက်စိ အောက်၌သာ ကြီးပြင်းလာသူ ဖြစ်၍ ရုတ်တရက် အားဖြင့် အထင်မကြီး နိုင်ကြပါ။ ဤအခြင်းအရာ များကို ထောင့်ကြားမှ နေ၍ အကဲခတ် နေရသူ သဲထိတ် ဖိုလှိုက် ရုပ်ရှင်ဇာတ်လမ်း တစ်ခုကို ကြည့်နေရသူ ကဲ့သို့ ဤ တစ်ခန်း ပြီးလျှင် နောက်တစ်ခန်း မည်သို့ လာလိမ့်မည်ကို တထင့်ထင့် နှင့် စောင့်မြှောင်နေ ရပါသည်။ သို့သော် ယေဘုယျ ပရိသတ်မှာကား ဗိုလ်ချုပ် အပေါ် မြှော်လင့်အားကိုး လျက် ရှိကြမည်မှာ အမှန်ပင်။

ဗိုလ်ချုပ်က ရှေးဦး မိန့်ခွန်းကို ပြောကြား လိုက်သော အခါ၌ မူကား အရာရှိ ကြီးငယ် မရွေး တို့သည် လှုပ်လှုပ် ရွရွ နှင့် စိတ်အား တက်ကြွ လာသော အမူအရာကို ပြလာ ကြပါသည်။ စောစော ပိုင်းက သို့လော သို့လော ဖြစ်နေသော စိတ်တို့သည် လွင့်ပါး သွားခဲ့ဟန် တူပါသည်။ ကျွန်တော်လည်း ခင်မင်သူ အရာရှိ ကြီးငယ် တို့အား ချဉ်းကပ်၍ သူတို့ ၏ သဘောထားကို မေးမြန်း မိသည်။ လောကွတ် စကားပင် မပြောတတ်သူ တစ်ဦးက သူ၏ ပကတိ တည်ငြိမ်သော အမူအရာဖြင့် “ကျုပ်တို့ဟာ ဗိုလ်ချုပ်ရဲ့ အမြော်အမြင်တွေကို အထင် သေးစရာလို့ သဘော မထားနိုင် ပါဘူး။ ဗိုလ်ချုပ်ဟာ ငယ်ပင် ငယ်သော်လည်း အတွေ့ အကြုံက ကျုပ်တို့ထက် စုံတယ်။ ဒါ့ကြောင့် သူ့ကို လက်တွေ့ သမား တစ်ဦး ရယ်လို့ ဆိုပြီး လေးစားပါတယ်။ သူ့လို ပုဂ္ဂိုလ် မျိုးကို ရှေ့က ထားပြီး လုပ်ရရင် ကျုပ်တို့ လုပ်အား ရှိပါတယ်” ဟု ပြောပါသည်။ အစ ပထမက စိတ်အား လျော့တော့မည် ကဲ့သို့ ဖြစ်နေကြသော အမှု ဆောင် တာဝန် ရှိသူ ပုဂ္ဂိုလ် များသည် စိတ်အား ထက်သန်သော အမူ အရာဖြင့် လန်းဆန်း လာကြပါသည်။ ဖျတ်ဖျတ် လတ်လတ် ရှိလာကြ ပါသည်။
သို့သော် ဗိုလ်ချုပ် ပြောစကား ထဲတွင် ထိုသို့သော အရာရှိ ကြီးငယ်တို့အား မြှောက်ထိုး ပင့်ကော် နှင့် ပြောသွားသည့် စကားမျိုး မပါပါ။ မည်သူ အား မည်သို့ ချီးမြှင့်မည် ဆိုသော ဘဝင် လေဟပ်စေမည့် စကားများလည်း မပါပါ။ ဗိုလ်ချုပ် နိဒါန်း ချီသော စကားမှာ လွတ်လပ်ရေး ရပြီးလျှင် ခေတ္တ အနားယူ ဦးမည်ဟု စိတ်ကူးထားသူ များကို ပင် လျှင် အနားမယူ ကြပါနှင့် ဦး ၊ လုပ်စရာ ရှိသည်တို့ကို လုပ်ကြပါဦး၊ ခွင့်စာ တင်ထား မိသော် ထိုခွင့်စာ များကို နုတ်သိမ်းပေးကြ ပါဦး၊ ယခု အချိန်ဟာ သေရေး ရှင်ရေး ကဲ့သို့ အရေးကြီး နေပါသည် ဟူသော ဖုတ်ပူ မီးတိုက် စကားမျိုးသာ ဖြစ်သည်။

သို့သော် သူတို့ အထူး သဘောကျ မိသော စကားများစွာ ပါပါသည်။ ဗိုလ်ချုပ်က ပါရဂူ တို့နှင့် စပ်လျဉ်း ၍ “ပါရဂူ ဆိုတိုင်း ဘယ်တော့မှ မမှား နိုင်ဘူး လို့ မထင်ပါနဲ့။ ပါရဂူ ဆိုတာလဲ ကျုပ်တို့လို လူတွေ ပါပဲ။ ကျုပ်တို့ ကြည့်ရမှာက သာမာန် လူတွေရဲ့ အခြေအနေ ကို ကြည့်ရမှာ ဖြစ်ပါတယ်။ ပါရဂူ တို့ရဲ့ ထင်မြင်ချက်ကို လေးစား ရပါတယ်။ သာမာန် လူတွေ ဆိုတာကလဲ သူတို့ရဲ့ ထင်မြင်ချက်ကို အများကြီး အထင်ကြီး ကြပါတယ်။ ဒါပေမယ့် လက်တွေ့က အရေးကြီးတယ်။ သာမာန် လူတွေရဲ့ အကျိုးတရား နဲ့ ကိုက်ညီတဲ့ လက်တွေ့ လုပ်ငန်းကိုသာ ကျုပ်တို့ ဦးစား ပေးရဖို့ ရှိပါတယ်” စသဖြင့် အဓိပ္ပာယ် ရှိသော စကားတို့ကို ပြောကြား ပါသည်။

ထို့နောက် စာရင်း အင်းများ ကောက်ရန် ကိစ္စ ၌လည်း စာရင်းအင်း ၌ တွေ့ရှိချက်တိုင်းသည် လက်တွေ့နှင့် ညီညွတ်ချင် မှ ညီညွတ်ပါသည်။ စာရင်း အင်း ဆိုသည်မှာ များသော အားဖြင့် ပျမ်းမျှကြေး ကို ရှာလေ့ ရှိသည်။ ပျမ်းမျှကြေး အားဖြင့် စာရင်း မှန်ပင် မှန်မည် ဖြစ်သော်လည်း လက်တွေ့ ၌ မူကား ပျမ်းမျှကြေး ထဲတွင် ပါနေသည့် အတိုင်း ဖြစ်ချင်မှ ဖြစ်တတ်သည် ဆိုသော အချက်ကိုလည်း ပြောဆို သွားလေသည်။

ကျွန်တော်၏ အတွေ့အကြုံမှာ ဗြိတိသျှ ခေတ်၌ စိုက်ပျိုးရေး ပါရဂူ တို့သည် ခရစ်နှစ် ၁၈၉၀ လောက်မှ စ၍ တောင်သူ လယ်သမား ဘဝ အခြေအနေ တိုးတက် စေဖို့ရာ ကြံဆ ကြသည့် သဘောတရား အမျိုးမျိုး တို့ကို စာရင်း အင်း ဇယား များ၌ လည်းကောင်း၊ အစီရင် ခံစာ များ၌ လည်းကောင်း၊ စာရွက် စာတမ်း များ၌ လည်းကောင်း၊ ကျမ်းကြီး ကျမ်းခိုင် များ၌ လည်းကောင်း ရေးသား တင်ပြခဲ့ကြပါသည်။ ထို ပုဂ္ဂိုလ်တို့၏ စေတနာ အရင်းခံကို ကျွန်တော် ယုံမှား သံသယ မဖြစ်မိပါ။ သို့သော် ထိုသို့ သော ပါရဂူတို့ ပေးသွားကြသည့် အကြံအစည် တို့မှာ အင်္ဂလိပ် ပြေးသော ၁၉၄၂ ခုနှစ် အထိ လက်တွေ့အားဖြင့် အကောင်အထည် မပေါ်ခဲ့ပါ။

ထိုခေတ်က နိုင်ငံခြား အရင်းရှင် မြေရှင်တို့၏ အတိုက်အခံ အင်အား ကြောင့် ပါရဂူတို့၏ အကြံ မအောင်သည်လည်း ရှိပေမည်။ သို့သော် တောင်သူ လယ်သမားတို့ သက်သာ ချောင်ချိရေး အတွက် ပါရဂူ တို့ စီစဉ်ခဲ့သော အမတော် ကြေး အက်ဥပဒေ ၏ သဘောသွား တို့မှာ ကျွန်တော်တို့ ကဲ့သို့ လက်တွေ့ ဆောင်ရွက် ပေးနေရသော မှုထမ်းရာ ထမ်းတို့ အဖို့ ရည်ရွယ်ရင်း ရောက်အောင် ဘာမျှ လုပ်၍ မရသည်ကို ကိုယ်တွေ့ တွေ့ခဲ့ ရပါသည်။ ထို့ကြောင့် ပါရဂူတို့ ကြံဆတိုင်း လုပ်၍ ကိုင်၍ ရပြီဟု မဆိုနိုင်သည် ကို ကျွန်တော် ကောင်းစွာ နားလည် ခဲ့ရပါသည်။

အရာရှိ ပိုင်းတွင် မိမိ လုပ်ငန်းကို မိမိ နားလည် ကြသော ပုဂ္ဂိုလ်တို့ များစွာ ရှိသည်။ ထို ပုဂ္ဂိုလ် တို့သည်လည်း ပါရဂူတို့၏ အကြံဥာဏ် ဆိုသည်မှာ တုတ်ပြီးဆေး၊ ဓားပြီးဆေး ကဲ့သို့ အရေးကျ လျှင် ထိပ်ကွဲ ခေါင်းပြဲ တတ်သော သဘောကို ကောင်းစွာ ရိပ်စား မိကြပါသည်။ ထို့ကြောင့် ထို ပုဂ္ဂိုလ်တို့က ဗိုလ်ချုပ် ၏ အဆိုကို အလွန် သဘောကျ ကြပါသည်။

သို့သော် ဗိုလ်ချုပ်သည် ပါရဂူတို့ကို ပြက်ရယ် ပြုနေသည်လည်း မဟုတ်ပါ။ ရှုတ်ချနေသည်လည်း မဟုတ်ပါ။ ဖယ်ထုတ် နေသည်လည်း မဟုတ်ပါ ။ တကယ့် အခြေအနေကို ပြဆိုသော စာရင်း အင်းနှင့် တကွ အကြောင်း ခြင်းရာ များကို ဗိုလ်ချုပ်သည် မထီလေးစား မပြုတတ်ပါ။ တတ်သိ နားလည်သော ပုဂ္ဂိုလ်တို့၏ အကြံဥာဏ်ကို ဗိုလ်ချုပ်သည် ဖယ်ရှားလေ့ မရှိပါ။ ဗိုလ်ချုပ် ပြောဆိုနေသည်မှာ သဘောတရား နှင့် လက်တွေ့ ကိုက်ပါစေ ဟူသော သဘော အဓိပ္ပာယ် ဖြစ်ပါသည်။

အစိုးရ အရာရှိ ဆိုသည်မှာ အောက်သက် ကျေသူလည်း ရှိပါသည်။ မကျေသူ လည်း ရှိပါသည်။ အချို့ အောက်သက် ကျေသူတို့သည် သဘောတရား ရေးရာကို ခြုံ၍ မကြည့်တတ်ပါ။ သစ်တောကို ကျွမ်းကျင်သည် ဆိုသော်လည်း သစ်ပင် တစ်ပင် စီကို သာလျှင် မြင်တတ် ကြသည်။ သစ်ပင် အပေါင်း အစုတည်း ဟူသော အဖြစ်သနစ်ကို မမြင် တတ်ကြချေ။ အချို့ အောက်သက် မကျေသူတို့ ကား ကံအားလျော်စွာ ရာထူးကြီး တို့ကို ရရှိ နေကြပါ သော်လည်း အုပ်ချုပ်ရေး သဘော တရား အဆီ အနှစ်တို့ကို နားလည် ကြသူများ မဟုတ်ပါ။

ဤကဲ့သို့ အထွေထွေ အထူးထူးသော သဘော ရှိသည့် အရာရှိ လောကတွင် ရုံးတွင်းစာ အမှတ် ဖြင့်သာ စက္ကူပေါ်တွင် အမိန့်ချ၍ စီမံကိန်း ထုတ်တတ် ကြသော သူတို့လည်း ရှိသည်။ ထိုပုဂ္ဂိုလ် တို့သည် သူ့ထံ တက်လာသော အစီရင်ခံစာ များကို ကြည့်၍ အားလုံး လုပ်ငန်း ချောမောစွာ အောင်မြင် နေပြီ ဟုသာ ယူဆ တတ်ပါသည်။ ဤကား သဘောတရား နှင့် လက်တွေ့ကို ဟပ်၍ မကြည့်တတ်ခြင်း သာဓက တစ်ရပ်ပင် ဖြစ်သည်။ ယင်း သဘာဝတို့ကို ဗိုလ်ချုပ်သည် ကောင်းစွာ ရိပ်စား နားလည်ပါသည်။ ထို့ကြောင့် အချို့က ဗိုလ်ချုပ်အား ကပ်၍ မရဘူး ဟု ပြောကြသည်။
 ဗိုလ်ချုပ်သည် ပုဂ္ဂလ ဓိဋ္ဌာန်ကို မကြည့်ဘဲ ၊ ဓမ္မဓိဋ္ဌာန် ကိုသာ ကြည့်တတ်သည်။ လုပ်ငန်း နေရာ မကျလျှင် ဗိုလ်ချုပ်အား မည်သို့မျှ ကျလောက်အောင် နှူးသော်လည်း မရနိုင်ချေ။ ဤသည်ကို ရည်၍ ထိုသို့ ဆိုကြခြင်း ဖြစ်သည်။ အလုပ်ကို မှန်မှန်ကန်ကန် ရိုးရိုး တန်းတန်း လုပ်တတ်သူ တို့ကား ထိုအကြောင်း ကြောင့်ပင် ဗိုလ်ချုပ်ကို ကြည်ညိုကြလေသည်။

ဂျပန်ခေတ်၌ အတွင်းဝန် ရုံးတွင် အလုပ်လုပ်ခဲ့ဖူးသူ တို့က မကြာခဏ အတွင်းဝန် ရုံး လုပ်ထုံး ( Secretariat Procedure ) ဆိုသည်ကို ပြောလေ့ပြောထ ရှိကြသည်။ ထိုသူတို့တွင် အချို့သည် လုပ်ထုံး လုပ်နည်း ရုံးထုံးစံ တို့ကို သူတပါးအား ရစ်ပတ် ချည်နှောင်၍ လူမလှုပ်နိုင်အောင် ခြေမန်းကွင်း စွပ်သလို စွပ်ပေး တတ်ကြသည်။ လူက မလှုပ် နိုင်သောအခါ အလုပ်လည်း ဘာမျှ မဖြစ်ပါ။ ထို့ကြောင့် လုပ်သမျှမှာ ရေ ဖြစ်ရသည်သာ များပေသည်။ ဤသဘောတရား တို့ကို ဗိုလ်ချုပ် နားလည်သည်။ ထို့ကြောင့် ရုံးလုပ်ထုံး လုပ်နည်း ဆိုသည်မှာ လုပ်ငန်း တွင်အောင် တီထွင်ခြင်း ဖြစ်ပါသည်။ သို့သော် ၎င်း ရုံးထုံးစံ များသည် လုပ်ငန်း တွင်ကျယ်မှုကို နှောင့်ယှက်နေပါလျှင် ပယ်ရပါမည် ဟု ပြောဆိုခဲ့လေသည်။ ထိုအချိန်က စ၍ ကြိုးနီ စနစ် ဆိုသော စကားကို အရာရှိ အရာခံ လောကထဲတွင် အတော် များများ ပြောလာကြသည်။

ဗိုလ်ချုပ်သည် လုပ်ငန်း လောဘ မကြီး ဖို့ရာလည်း ပြောဆိုခဲ့သည်။ ကျွန်ုပ်တို့ အလုပ်လုပ်ရာ၌ တစ်ဆင့်ပြီး တစ်ဆင့် လုပ်သွား ကြရပေလိမ့်မည်။ စိတ်အား ထက်သန် ပါသည် ဆို၍ လောဘ တကြီး လုပ်လျှင် တွင်ကျယ် နိုင်မည် မဟုတ်ချေ။ ကျွန်ုပ်တို့ စီမံသော ကိစ္စ မှန်သမျှ သည် လက်တွေ့နှင့် ညီ၍ အလုပ်လုပ်ရာ ၌လည်း လွယ်ကူရ ပေလိမ့်မည်။ တစ်ခါ တစ်ရံ ကျွန်ုပ်တို့သည် ရှေ့သို့ တစ်လှမ်း မက နှစ်လှမ်းသုံးလှမ်း တိုး၍ ချီတက် ရပေမည်။ သို့သော် ယင်းသို့ ခြေလှမ်း များများ လှမ်းတိုင်း လှမ်းတိုင်း ခြေလှမ်း တစ်လှမ်းမှ လဲမကျ ရလေအောင် မြေပေါ်၌ အခိုင်အမာ စိုက်ထူထားသော ခြေလှမ်းမျိုး ဖြစ်ရပေလိမ့်မည်။ ဤကဲ့သို့သော စကားကိုလည်း ဗိုလ်ချုပ် ပြောခဲ့သည်။ ဗိုလ်ချုပ် ပြောစကားကို မှီး၍ နှစ်နှစ် စီမံကိန်း နိဒါန်းတွင် ဤသို့ ဆိုထားသည်။

“ဤစီမံကိန်းသည် ခါချဉ်ကောင် မာန်ကြီးလို့ တောင်ကြီး ဖြိုမည့်ကြံ၊ ခါးကမသန် ဆိုသလို လောဘကြီး စိတ်ကူးယဉ်ပြီး ရေးဆွဲထားသော စီမံကိန်း မဟုတ်၊ မြန်မာပြည်၌ ရှိသော လူအင်အား ၊ မြေ၊ လယ်ယာ၊ သတ္တု ပစ္စည်း အင်အား တို့ကို သူ့အိုးနှင့် သူ့ဆန် ၊ တန်ရုံနှိုင်းချိန်ပြီး ရေးဆွဲထားသည်။ လွတ်လပ်ရေး ရပြီးနောက် ၂ နှစ်အတွင်းတွင် အကျိုး ဖြစ်ထွန်းနိုင်သမျှ ဖြစ်ထွန်း စေမည့် အပြင် နောင် အရှည် လူမွဲများ ကောင်းစားဖို့ မြန်မာပြည်၏ စီးပွားရေး အခြေအနေကို အမြန်ဆုံး ပြောင်းလဲ ပစ်ရန်လည်း ကြံရွယ်ထားသည်။ ထို့ပြင် မြန်မာပြည် စီးပွားရေး အတွက် စီမံကိန်း များကို တစ်ခုမကျန် အားလုံး ထည့်သွင်း ပြီး စေ့စေ့စပ်စပ် အပြီးသတ်ထားသည် ဟုလည်း မဆိုသာပေ။ ကြွင်းကျန်ချက်များ အများပင် ရှိပါသေးသည်။ ဤကြွင်းကျန်ချက် များမှာ ပြဆိုခဲ့သော လူအင်အား ပစ္စည်း အင်အား ချို့တဲ့ခြင်း နှင့် မြန်မာနိုင်ငံ စီးပွားရေး နှင့် ပတ်သက်သော အကြောင်းအရာများ၊ အချက်အလက်များကို ဂဃနဏ ရှာဖွေ စုံစမ်းသော သုတေသန လုပ်ငန်းများကို ယခုမှ စ၍ လုပ်ကိုင်ရသောကြောင့် ဖြစ်သည်။ ဤ သုတေသန လုပ်ငန်းများ ကျကျ နန ပြီးဆုံး နိုင်ရန် လုပ်ဖို့ အချိန် အတော် ကြာပေဦးမည်။ သို့သော် လွတ်လပ်သော မြန်မာနိုင်ငံကြီးသည် အားကြိုးမာန်တက် နှင့် လက်ထိ လက်ရောက် လုပ်ဖို့ အားခဲနေစဉ် ဤမျှလောက် အချိန် ကြာကြာကြီး မစောင့်နိုင်။ လက်ရှိလူ၊ ပစ္စည်း၊ ပညာအင်အား များနှင့် ဖြစ်နိုင်သမျှ ဖြစ်အောင် လောလောဆယ် လုပ်မည်”

( မူအတိုင်း )

ထိုကဲ့သို့ နိဒါန်းတွင် သန္နိဋ္ဌာန် ချမှတ်ခဲ့သည့် အတိုင်း ဗိုလ်ချုပ် ကွယ်လွန်ခဲ့သည့် တိုင်အောင် ကျန် ခေါင်းဆောင် ပုဂ္ဂိုလ်တို့က အဖွဲ့ ပေါင်း ငါးဖွဲ့ ဖွဲ့၍ ၁၉၄၇ ခု နိုဝင်ဘာလ တွင် စီးပွားတိုးတက်ရေး စီမံကိန်ကို စတင် ရေးဆွဲလေသည်။ အချော ရေးဆွဲ ပြီးသော စီမံကိန်းကို အစိုးရ အဖွဲ့က ဒီဇင်ဘာလ အတွင်းတွင် သဘောတူညီ ခဲ့လေသည်။

အဆိုပါ ၂ နှစ် စီမံကိန်းတွင် လယ်ယာ စိုက်ပျိုးရေး ကို အဓိက ထား၍ စက်မှု လက်မှု ထူထောင်ရေးကို ရှေ့ရှုခဲ့သည်။ ယနေ့ ကျွန်တော်တို့ တောင်သူလယ်သမား အလုပ်သမား အခြေခံ လူထုကြီးကို ဦးတည်၍ စီမံကိန်း ထုတ်ကာ လုပ်ဆောင်နေကြသည်မှာ ဗိုလ်ချုပ်၏ အမြော်အမြင်အတိုင်း လိုက်နာ လုပ်ဆောင် နေကြခြင်း ဖြစ်သည်။ ယနေ့ အဖို့၌ ကျွန်ုပ်တို့သည် လက်တွေ့ ဗဟုသုတ များ တိုးပွားလျက် ရှိပြီ။ ဗိုလ်ချုပ် ကြိုတင် တွက်ဆ ထားသော အခက်အခဲ ဟူသမျှ တို့ကို ကျွန်ုပ်တို့က မြင်အောင် ရှု၍ မြန်မာတို့၏ ဒိဋ္ဌ ဓမ္မ အခြေအနေတို့ကို သိရှိနားလည် အောင် ကြိုးစား ဆောင်ရွက်ကာ ‘လက်တွေ့’ အတိုင်း လုပ်ဆောင် သွားကြမည် ဆိုလျှင် ရက်တိုတို နှင့် လိုရာခရီးသို့ ရောက်ဖို့သာ ရှိပေလိမ့်မည်။ အကယ်၍ အထစ်အငေါ့ များ ရှိနေသည် ဆိုပါလျှင် ဗိုလ်ချုပ်၏ အတွေးအခေါ် တို့နှင့် ညှိနှိုင်း၍ ထို ထစ်ငေါ့နေသော အကြောင်းအရာတို့ကို ဖယ်ရှားကြရဖို့ ရှိသည်။

ထို့ကြောင့် ဗိုလ်ချုပ်တို့ ကျဆုံးသော အထိမ်းအမှတ် ဖြစ်သည့် ဤအာဇာနည် နေ့တွင် ဗိုလ်ချုပ်၏ စိတ်ဓာတ်သည် ပြည်ထောင်စု မြန်မာနိုင်ငံကြီး၏ ကြီးပွားတိုးတက် ကြောင်းကို ရည်စူး၍ လုပ်ဆောင်နေကြသော တောင်သူလယ်သမား အလုပ်သမား လူထုကြီးနှင့်တကွ မကွဲမပြား တစ်သားတည်း ရှိသော အမျိုးကောင်းသားတို့ အပေါ်၌ ပြန့်နှံ့၍ တည်ပါစေသတည်း ဟု ဆုတောင်းလိုက်ပါ သတည်း။
(ယခုဖော်ပြပါအကြောင်းအရာများအား http://kyawhtetwin.blogspot.com/2013/08/blog-post_1422.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
(၂၀၁၁ ခုနှစ် ဇူလိုင်လ(၇)ရက်နေ့ထုတ် ပြည်သူ့ခေတ်ဂျာနယ်မှာ ဖော်ပြထားတဲ့ ဆောင်းပါး တစ်ပုဒ် ကတော့ ဗိုလ်ချုပ်ရဲ့ တရားမျှတတဲ့ စိတ်ဓာတ်ကို ပေါ်လွင်စေတဲ့ ဆောင်းပါး ဖြစ်လို့ မျှဝေပေး လိုက်ပါတယ်။ သူတည်ထောင် ထားတဲ့ ပြည်သူ့ ရဲဘော်အဖွဲ့ရဲ့ လုပ်ရပ်တစ်ချို့အပေါ် ဝေဖန်ထားတဲ့ ဗိုလ်ချုပ်ရဲ့ စိတ်ဓာတ်ကို လေ့လာနိုင်ဖို့ပါ။)

ပြည်သူ့ရဲဘော်တပ်ဖွဲ့ကို ဖွဲ့စည်းရခြင်း၏ အခြေခံ ရည်ရွယ်ချက်များမှာ
(၁) ဗမာ့တပ်မတော်မှ ရဲဘော်ဟောင်းများကို ထိုက်သင့်သလို ထောက်ပံ့ရေး အတွက် စီမံပေးရန်
(၂) ကျန်းမာ သန်စွမ်းလျက် စစ်ပညာ၌ ၀ါသနာပါသူများအား နောင်အခါ နိုင်ငံ ကာကွယ်ရေး အတွက် စစ်တပ်များ တိုးချဲ့သည့်အခါ၌ လည်းကောင်း၊ အရန်တပ်များ ဖွဲ့စည်းသည့်အခါ၌ လည်းကောင်း၊ ပါဝင်လိုသူများကို ပြန်လည် သွင်းပေးရန်၊ ထို့ကြောင့် ရရှိပြီး စစ်ပညာရပ်များကို မမေ့ပျောက်စေရန် ထပ်မံ လေ့ကျင့်စေ၍ ပြည်သူ လူထုကိုလည်း တတ်နိုင်သမျှ စစ်ပညာ သင်ပေးရန်၊
(၃) ပြည်သူလူထု အများအကျိုး ဖြစ်ထွန်းစေမည့် အရပ်ကင်း ဖွဲ့စည်းလျက် သူခိုး၊ ဓါးပြရန်ကို အစိုးရအရာရှိများ၊ ပြည်သူများနှင့် ပူးပေါင်းကူညီ နှိမ်နင်းခြင်း စသော လူထု လုပ်ငန်းများတွင် ပါဝင် ဆောင်ရွက်ရန်ဟူ၍ ဖြစ်သည်။

ပြည်သူ့ ရဲဘော်တပ်ဖွဲ့ကို ဖွဲ့စည်းပြီးနောက် ပြည်သူ့ ရဲဘော်တပ်ဖွဲ့ ဌာနချုပ်ကို လောင်းဝစ္စလမ်း (ယခု - အင်းလျားမြိုင်လမ်း)၌ ဖွင့်လှစ်ထားရှိခဲ့သည်။ ပြည်သူ့ရဲဘော် ဂျာနယ်တိုက်ကို အမှတ် ၁၅၉၊ ဘုရားလမ်း၊ ရန်ကုန်မြို့တွင် ဖွင့်လှစ်ခဲ့သည်။ တာဝန်ခံ စာတည်းမှာ ဗိုလ်မှူးအေးငွေ (ဒဂုန် မြတ်လေးနွယ်)ဖြစ်ပြီး ဗိုလ်မှူး ထွန်းအုံက ဦးစီးခဲ့သည်။ ပြည်သူ့ရဲဘော် တပ်ဖွဲ့သည် ဖက်ဆစ် ဆန့်ကျင်ရေး၊ နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမျိုးသားလွတ်မြောက်ရေး ယုံကြည်ချက်ကို ခံယူလျက် တပ်ဖွဲ့ဝင်အင်အား ရှစ်သိန်းကျော်ဖြင့် တစ်မျိုးသားလုံး အတိုင်းအတာ ဆောင်သော ပြည်သူ့စစ်အဖွဲ့အသွင် ခံယူခဲ့သည်။ (ထိုစဉ်က မြန်မာနိုင်ငံ လူဦးရေမှာ ၁၇ သန်းမျှသာ ရှိသေးသည်။) ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်တို့၏ စိတ်ဓာတ်မှာ မြန်မာနိုင်ငံ လုံးဝ လွတ်လပ်ရေး ရရှိရန်အတွက် ဗိုလ်ချုပ်အောင်ဆန်း ခိုင်းသမျှ လုပ်မည်ဟူသော စိတ်ဓာတ်ပင် ဖြစ်သည်။ ထိုမျှသာမက လွတ်လပ်ရေး ရရှိပြီးပါက နိုင်ငံ ပြန်လည် ထူထောင်ရေး လုပ်ငန်းများတွင် တစ်တပ်တစ်အား ပါဝင်ရန်ပင် ဖြစ်သည်။

**သခင်စိုး စွပ်စွဲချက်**
၁၉၄၆ ခုနှစ် မတ်လတွင် ဗမာပြည် ကွန်မြူနစ်ပါတီမှ သခင်စိုး ခွဲထွက် ပြီးနောက် ၎င်းကိုယ်တိုင် အလံနီကွန်မြူနစ် ပါတီကို ထူထောင်ခဲ့သည်။ ထိုသို့ ကွန်မြူနစ်ပါတီ နှစ်ခြမ်းကွဲသောအခါ သခင်သိန်းဖေ (သိန်းဖေမြင့်)နှင့် သခင်သန်းထွန်း ဦးဆောင်သော သိန်းသန်း ကွန်မြူနစ်သည် ဖဆပလ အဖွဲ့ချုပ်အတွင်း တည်ရှိနေခဲ့သည်။ သခင်စိုး၏ အလံနီပါတီသည် သိန်းဖေ - သန်းထွန်း အလိုမရှိ၊ ဖဆပလ အဖွဲ့ချုပ်တွင် အချောင်သမားများ ကြီးစိုးနေသည်ဟု စွပ်စွဲလျက်၊ ဖဆပလ အဖွဲ့ချုပ်နှင့် လက်တွဲမရသော အခြေအနေသို့ ဆိုက်ရောက်ခဲ့သည်။ ဖဆပလ အဖွဲ့ချုပ်နှင့် ဗိုလ်ချုပ် အောင်ဆန်းအား အမျိုးမျိုး စွပ်စွဲရုံသာမက ဗိုလ်ချုပ်အောင်ဆန်း ဦးစီးသော ပြည်သူ့ရဲဘော် တပ်ဖွဲ့ကိုပင် နယ်ချဲ့လက်ကိုင်တုတ်အဖြစ် ပြောဆိုခဲ့သည်။ ပြည်သူ့ရဲဘော် တပ်ဖွဲ့နှင့်အပြိုင် သခင်စိုးသည် ၎င်း၏ အလံနီကွန်မြူနစ်ပါတီဝင်များနှင့် အလံနီ စောင့်တပ်ကို ဖွဲ့စည်းခဲ့သည်။ ပြည်သူ့ရဲဘော် တပ်ဖွဲ့အား ပြည်သူ့ရန်သူ တပ်ဖွဲ့ ၀ါးရင်းတုတ် ရဲဘော်တပ်ဖွဲ့ဟူ၍ သခင်စိုးသည် ၎င်း၏ အာဏာသစ် ဂျာနယ်မှ စွပ်စွဲရေးသားခဲ့သည်။

ပြည်သူ့ရဲဘော် တပ်ဖွဲ့အား ထိုသို့ စွပ်စွဲပြောဆိုနေသဖြင့် ဗိုလ်ချုပ်အောင်ဆန်းသည် ပြည်သူ့ရဲဘော် တပ်ဖွဲ့ ညွှန်ကြားချက် အမှတ် ၁၀ ကို အောက်ပါအတိုင်း ထုတ်ပြန်ခဲ့သည်-
ပြည်သူ့ရဲဘော် တပ်ဖွဲ့ဝင်များသည် သခင်စိုး ဂိုဏ်းသားများနှင့် အလျဉ်း သက်ဆိုင်ခြင်း မရှိစေရ။ သခင်စိုး ဂိုဏ်းသားများနှင့် အဆက်အသွယ် ရှိသူများသည် ပြည်သူ့ရဲဘော် တပ်ဖွဲ့တွင် ဆက်လက် နေထိုင်လိုလျှင် သခင်စိုးဂိုဏ်းမှ နှုတ်ထွက်ကြောင်း အတိအလင်း အစီရင်ခံရမည် သို့တည်းမဟုတ် ပြည်သူ့ရဲဘော် တပ်ဖွဲ့မှ နှုတ်ထွက်ရမည်။

ထို့ပြင် ဗိုလ်ချုပ်အောင်ဆန်းသည် သခင်စိုးနှင့် ပတ်သက်သော သတင်း ဆောင်းပါး မှန်သမျှကို မည်သည့် အခါမျှ ပြည်သူ့ ရဲဘော်ဂျာနယ်တွင် ထည့်သွင်း မရေးသားရ ဟူသော စာတစ်စောင်ကို ပြည်သူ့ရဲဘော် ဂျာနယ်သို့ ရေးသား ပေးပို့ခဲ့သည်။ ယင်းစာကို ၁၉၄၆ ခုနှစ် ဇူလိုင်လ ၂၄ ရက်နေ့တွင် ထုတ်ဝေခဲ့သော ပြည်သူ့ရဲဘော် ဂျာနယ် အတွဲ ၁၊ အမှတ် ၁၁ တွင် အောက်ပါ အတိုင်း အပြည့်အစုံ ဖော်ပြခဲ့သည်- (မူရင်း စကားလုံးအတိုင်း ဖော်ပြပါသည်။)


**ဗိုလ်ချုပ်အောင်ဆန်းထံမှ ပေးစာ ပြည်သူ့ရဲဘော်ဂျာနယ် အတွက်**
အတွဲ ၁ အမှတ် ၁၀ ၀ါဆိုလဆုတ် ၄ ရက်နေ့ထုတ် ပြည်သူ့ရဲဘော်ဂျာနယ်ကို ဖတ်မိရာ အချို့သော ဆောင်းပါးများမှာ မသင့်လျော်ဟု ငါထင်သည်။ ယနေ့အထိ ထွက်လာသမျှသော ပြည်သူ့ရဲဘော် ဂျာနယ်များကို အကြောင်းအမျိုးမျိုးကြောင့် ငါကိုယ်တိုင် ကောင်းစွာ လမ်းညွှန်မပြနိုင်ခဲ့သည်မှာ ငါ့တာဝန်လည်း ရှိတော့သည်။ အကယ်၍ ဤကိစ္စတွင် အပြစ်ရှိချေက ငါသည် လုံးဝတာဝန်ယူရန် အသင့်ပင် ရှိသည်။ ယနေ့ကစ၍ကား ပြည်သူ့ ရဲဘော် ဂျာနယ်ကို တတ်နိုင်သမျှ ဦးစီးညွှန်ပြရန် ကြိုးစားပါမည်။ သို့သော် မညီညွတ်သော အကြောင်းများကြောင့် အမြဲတမ်း ညွှန်ပြခြင်း မပြုနိုင်ခဲ့သော် အောက်ပါ အချက်တို့ကို အမြဲ လိုက်နာစေလိုသည်-

**အပြစ်များကိုသာ ပြခဲ့**
၁။ သခင်စိုးနှင့် ပတ်သက်သော ဆောင်းပါးမျိုး မထည့်သွင်းမီ ငါ့ထံ လာပြစေလိုသည်။ ဤဆောင်းပါးမျိုးကို မှန်တိုင်း ထည့်သွင်းဖော်ပြသင့်သည်ဟု မထင်။ မှန်လည်း မှန်သည်။ တိုင်းပြည်လည်း အကျိုးရှိမည်ဟု အပြန်ပြန် အလှန်လှန် သုံးသပ် စစ်ဆေး ဝေဖန်ပြီးမှသာ ဤဆောင်းပါးမျိုးကို ထည့်သွင်းရမည်။ ယထာဘူတ တရားအတိုင်း အတိုချုပ်၍ သခင်စိုးနှင့် ပတ်သက်သော ဆောင်းပါးကို ဝေဖန်ရမည်ဆိုလျှင် ရေးသမျှ ဟုတ်ပင်ဟုတ်သော်လည်း ယထာဘူတ ကျသည်ဟု မဆိုနိုင်သေး၊ အဆိုပါ ဆောင်းပါးမှာ သခင်စိုး၏ အပြစ်များကိုသာ ပြသည်။ သခင်စိုး၏ အကောင်းပိုင်းကို ချန်ပစ်ခဲ့သည်။ သူ့တွင်ရှိသော အပြစ်များကို ဖော်ပြချင်လျှင် သူ့တွင်ရှိသော အချက်ကောင်းများကိုလည်း ထုတ်ပြရန် အသင့်ရှိရမည်။ ပြည်သူ့ ရဲဘော် ဂျာနယ်သည် ပြည်သူ့ ရဲဘော် တပ်ဖွဲ့၏ ဂျာနယ်ဖြစ်သည်။ ပြည်သူ့ရဲဘော် တပ်ဖွဲ့သည် တိုင်းသူ ပြည်သား လူထုများ၏ အဖွဲ့ဖြစ်သည်။ (တိုင်းပြည်သည် ရဲဘော် အတွက် မဟုတ်၊ ရဲဘော်သည် တိုင်းပြည်အတွက် ဖြစ်စေရမည်။) ဗမာစကားပုံ တစ်ခုလို (ချစ်စေလို ခံတွင်း လက်လေးသစ်၊ မုန်းစေလို ခံတွင်း လက်လေးသစ်) မဖြစ်စေနှင့်။ ဒီနည်းကား … ပါတီသည် တိုင်းပြည်အတွက် မဟုတ်ဘဲ၊ တိုင်းပြည်သည် ပါတီအတွက် ပြုလုပ်ကြသော နိုင်ငံရေး ပါတီများ၏ ထုံးနည်းမျိုး ဖြစ်သည်။ ငါတို့ မလိုက်နာသင့်။


မည်သို့ဖြစ်စေ ယခုအခါ နယ်ချဲ့သမားများနှင့် အပေါင်းအပါများသည် သခင်စိုးဂိုဏ်းကို မူလတွင် ဖဆပလ အစရှိသည်တို့ကို ဖြိုဖျက်ရန် လက်နက်သဖွယ် အသုံးပြုရန် ပင်းပေးနေရာမှ သခင်စိုးဂိုဏ်းကို မတရားအသင်း ကြေညာခဲ့ပြီ၊ အဘယ်ကြောင့်နည်း၊ (၁) သခင်စိုးဂိုဏ်းနောက်တွင် လူထု အထောက်အခံ မရှိသဖြင့် တစ်ကြောင်း၊ (၂) လက်ဝဲ ဂိုဏ်းသား အချို့၏ အမှားများကို အခွင့်အရေးယူကာ မူလတွင် သွေးရူးသွေးတမ်း စိတ်လွှမ်းမိုးလာသည်ကို ပြန်လည် ထိန်းသိမ်း လာနိုင်ပြီးလျှင် စားနေကျ ကြောင်ပါးဉာဏ်များ ပြန်ရလာကာ သခင်စိုး ဂိုဏ်းနောက်တွင်သာ လူထု မရှိသော်လည်း ဖဆပလ အမျိုးသား ညီညွတ်ရေး အင်အား ပြည်သူ့ရဲဘော် တပ်ဖွဲ့အင်အား အမှန်ကို မြင်နိုင် မြင်လာသဖြင့် မူလတွင် သခင်စိုးဂိုဏ်းနှင့် ပြည်သူ့ရဲဘော် ဖဆပလ အစရှိသည်တို့ကို ရောနှော၍ ၀ါးလုံးရှည်နှင့် ရမ်းမည် တကဲကဲ ဖြစ်လာရာမှ အားနည်းရာ အပိုင်းမှ စ၍ ဖြိုဖျက်သည့် ပရိယာယ်ကို သုံးလိုသဖြင့် တစ်ကြောင်း၊ (၃) သခင်စိုးဂိုဏ်းနှင့် မူလ ကွန်မြူနစ်ဂိုဏ်း ဖဆပလ ပြည်သူ့ ရဲဘော်တပ်ဖွဲ့ အစရှိသည်တို့ဟာ ကိုယ့်အမှားတွေ ကိုယ်ပြင်ကြပြီး ပြန်၍ အစေးကပ်နိုင်မည့် လမ်းစများ ပေါ်ပေါက်လိုငြား ဖြစ်လာမှု ဖြစ်မြောက်အောင် မပြုလုပ်စေလိုသဖြင့် တစ်ကြောင်း၊ ဤအကြောင်းများကြောင့် ဖြစ်သည်ဟု ငါယူဆသည်၊ မည်သို့ဖြစ်စေ ငါတို့သည် သခင်စိုး၏ ကမူးရှူးထိုး လမ်းမှောက်မှားသော ကျင့်ထုံးများကို မလိုက်နာ နိုင်သော်လည်း သခင်စိုးနှင့် ပတ်သက်၍ နောက်နောင်တွင် မည်သည့် ဆောင်းပါး သတင်းကိုမျှ ပြည်သူ့ ရဲဘော် ဂျာနယ်တွင် မထည့်သွင်းစေလို မထည့်သွင်းရ။

**နည်းပရိယာယ်လုပ်ငန်း**
၂။ ရွေးကောက်ပွဲနှင့် ပတ်သက်သော ဆောင်းပါး တစ်စောင်လည်း ဖတ်ရသည်။ ဤကိစ္စမျိုးကို ယခုအခါ ယတိပြတ် ဆုံးဖြတ်၍ မဖြစ်နိုင်၊ ယခုအခါ ရွေးကောက်ပွဲ ၀င်ခြင်း စသည်တို့မှာ ငါတို့၏ အဓိကလုပ်ငန်းမဟုတ်၊ သို့သော် အရမ်းမဲ့ ပစ်ပယ်သင့်သော ကိစ္စမဟုတ်၊ ဤကိစ္စမျိုးမှာ အခြေအနေ အချိန်အခါ အားလျော်စွာ ပြုသင့်ကပြု - မပြုသင့်က မပြုရသော နည်းပရိယာယ် လုပ်ငန်းတစ်ရပ်သာ ဖြစ်သည်။ ငါပြောပြီး ပြောဆဲ ပြောလတ္တံ့ ဖဆပလ မိန့်ခွန်းများကို လေ့လာစေလိုသည်။


၃။ တစ်ခါက ပါတီတွေ ဖျက်ပစ်ရန် တိုက်တွန်းချက်ကို ပြည်သူ့ရဲဘော်ဂျာနယ်တွင် တွေ့မိသလိုလို ရှိသည်။ ဤကိစ္စမျိုးမှာလည်း ယခုလက်ရှိ ဗမာပြည် အခြေအနေတွင် အဖျင်းဆုံး ၂ ဖက် ၂ လမ်း စဉ်းစားစရာရှိသော ကိစ္စမျိုးဖြစ်သည်။ စိတ်မြန်လက်မြန် ပြုလုပ်သင့် ဆုံးဖြတ်သင့်သော ကိစ္စမဟုတ်။ မည်သို့ဖြစ်စေ နောက်နောင်တွင် နိုင်ငံရေးတွင် လည်းကောင်း၊ တိုင်းပြည်တွင် လည်းကောင်း၊ အငြင်းပွားမည့် ဆောင်းပါး ထင်မြင်ချက် သတင်းအရပ်ရပ်ကို မထည့်သွင်းစေလို ရဲဘော်များနှင့် သက်ဆိုင်သော ၀တ္ထုများ၊ အကြံဉာဏ်များ၊ ဆောင်းပါးများ၊ သတင်းများကိုသာ အဓိကထား၍ ပြည်သူ့ ရဲဘော် ဂျာနယ်ကို ထုတ်ဝေစေလိုသည်။


နိုင်ငံရေးတွင် လည်းကောင်း၊ ရပ်သူရပ်သားကိစ္စအ၀၀တွင် လည်းကောင်း၊ ပြည်သူ့ရဲဘော် တပ်ဖွဲ့သည် ဓါးခုတ်ရာ လက်ဝင်မလျှိုမိစေရန် ကြီးမားသော သတိဝီရိယဖြင့် ငါတို့နှင့် ငါတို့ တစ်မျိုးလုံး ယခုရေးနှင့် နောင်ရေးတို့ကို ကာကွယ်ကြရမည်။


အရေးတော်ပုံ အောင်နိုင်သည်။
အောင်ရမည်။
(ပုံ) အောင်ဆန်း
ဥက္ကဋ္ဌနှင့် စစ်သေနာပတိ၊
ပြည်သူ့ရဲဘော် တပ်ဖွဲ့၊ ဌာနချုပ်။
ရန်ကုန် … (ဗမာနိုင်ငံ)
ဤစာတွင် သခင်စိုးအပေါ် တစ်ဖက်စောင်းနင်း ရေးသားမှုကို မလိုလားသည့် ဗိုလ်ချုပ်အောင်ဆန်း၏ သမာ သမတ်ကျသော စိတ်ဓာတ်၊ မျှတသော စိတ်ဓာတ်တို့ကို တွေ့မြင်နိုင်ပေသည်။ နယ်ချဲ့သမား၏ သွေးခွဲသပ်လျှိုသော ရည်ရွယ်ချက်များကိုလည်း ကွက်ကွက် ကွင်းကွင်း ဖော်ပြခဲ့သည်။ နိုင်ငံရေးအရ အငြင်းပွားမည့် အရေးအသားမျိုးကို ရှောင်ကြဉ်ကြရန် သတိပေး လမ်းညွှန် ထားသည်ကို တွေ့ရှိရပေသည်။


**အောင်မြင့်ဦး (မဟာဝိဇ္ဇာ)**
(ယခုဖော်ပြပါမှတ်တမ်းတင်ဓာတ်ပုံများနှင့်အကြောင်းအရာများအားhttp://kyawhtetwin.blogspot.com/2013/08/blog-post_4266.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
ဗိုလ်ချုပ်အောင်ဆန်း နှင့် ဟင်္သာတခရီးစဉ်များ
ဗိုလ်ချုပ်အောင်ဆန်းဟာ ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊ဟင်္သာတမြို့ သို့ လေးကြိမ်တိတိ ရောက်ခဲ့ပါတယ် ပထမ နှစ်ကြိမ်က ၁၉၄၀ ပြည့်နှစ်အတွင်း ရေလမ်းခရီးစဉ်ဖြစ်ပြီး ဒုတိယ နှစ်ကြီမ်ကတော့ ပုသိမ်မြို့မှတဆင့်  ရောက်ရှိခဲ့တဲ့ ရထားခရီးစဉ်ဖြစ်ပါတယ်။ ပထမခရီးစဉ်နှစ်ကြိမ်ဟာ တို့ဗမာအစည်းအရုံးဗဟိုဌာနချုပ် အထွေထွေအတွင်းရေးမှုးဘ၀နဲ့ သွားရောက်ခဲ့တာဖြစ်လို့ ဒုက္ခဆင်းရဲရောက်ခဲ့ရပါတယ်။ 
အဲဒီဟင်္သာတခရီးစဉ် နှစ်ခုဟာဗိုလ်ချုပ်အောင်ဆန်း အမျိုးသားခေါင်းဆောင်ကြီးတစ်ဦးဖြစ်လာဖို့ ဘ၀ရဲ့ မအလှည့်အပြောင်းခရီးစဉ်တွေဖြစ်ပြီး တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့လည်း ဆက်စပ်နေပါတယ်။ ဂျပန်ခေတ်အစိုးရအဖွဲ့ဝင် စစ်ဝန်ကြီးဘ၀နဲ့ စစ်ပြီးခေတ် အမျိုးသားယာယီ အစိုးရအဖွဲ့  ခေါင်းဆောင်တစ်သီးဘ၀မှာ သွားခဲ့ရတဲ့  မြန်မာပြည်အနှံ့ခရီးဆန့်ခဲ့သလိုတော့ မဟုတ်ခဲ့ပါ။


ဇလွန်ညီလာခံ ခရီးစဉ်

အာဏာလက်မဲ့ နိုင်ငံရေးသမားဘ၀ဟာ အလွန်ဆင်းရဲကျပ်တည်းခဲ့ပါတယ်။ တို့ဗမာအစည်းအရုံးကြီးရဲ့ ဟင်္သာတခရိုင် ကွန်ဖရင့်(ခရိုင်ညီလာခံ)ကို ဟင်္သာတမြို့ပေါ်မှာမလုပ်ဘဲ ခရိုင်မြို့အစွန်အဖျားမြို့နယ်ဖြစ်တဲ့ ဇလွန်မြို့မှာ ၁-၆-၁၉၄၀ ရက်မှာ သုံးရက်တာ ကျင်းပခဲ့ပါတယ်။ ခရိုင်ရာဇ၀တ်ဝန် မစ္စတာဇေးဗီးယားရဲ့ ရန်ကိုကြောက်လို့ပဲလား။ ဇလွန်မြို့ရဲ့ စည်းရုံးရေးအင်အားကောင်းလို့ပဲလားတော့မသိပါ။ အဲဒီညီလာခံမှာ တားမြစ်ထားတဲ့ ချင်းတောင်တန်းအရေးကိစ္စကို သခင်အောင်ဆန်းကပြောမိလို့ ဆုငွေ ငါးကျပ်တန် ဖမ်းဝရမ်းထုတ်ခံရတယ်။ ၆၈ ရက် မြေလျှိုးပြီး တရုတ်ပြည်ခရီးစဉ်ကို သွားေ၇ာက်ခဲ့တယ်လို့ပဲဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပ္ပ္ပ္ပ္ပ္ပတ္တိ မှာ သာမန်သာဖော်ပြကြတယ်။ အဲဒီခရီးစဉ်မှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်နှစ်ဦးရဲ့ အမည်က ပျောက်နေတယ်။

ဇလွန်၊ဒေါင်ကြီးတရားပွဲကို တက်ကြွစွာပါဝင်ခဲ့လို့ အဖမ်းခံထောင်ချခံရတဲ့ သခင်မြသန်း(နောင်- စာရေးဆရာ) နဲ့ ကျုံမငေး သခင်တင်မောင်(ဗဟိုအမှုဆောင်) တို့ရဲ့ အမည်ဟာပျောက်ကွယ်နေတယ်။

သခင်မြသန်း(၁၉၂၁-၁၉၇၆) ဟာ ဇလွန်မြို့နယ်သားဖြစ်တယ်။ ဇလွန်အပိုင် ဒေါင်ကြီးကျေးရွာတရားပွဲအပြီးမှာ ကာကွယ်ရေးဥပဒေပုဒ်မ ၃၈ အရ ဟင်္သာတထောင်မှာ တစ်နှစ်ခွဲကျပြီး အင်းစိန်ထောင်၊မန္တလေးထောင် တို့ကို ပြောင်းခဲ့ရတယ်။ သခင်မြသန်းဟာ မန္တလေးထောင်ပွင့်တော့မှ လွတ်မြောက်လာသူဖြစ်တယ်။ ၁၉၃၉ ခုနှစ် ဒုတိယကမ္ဘာစစ်ကြီး ဥရောပစစ်မျက်နှာစတင်ကတည်းက အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးပိုင်ဟာ နာမည်ကြီးနိုင်ငံရေးသမားတွေကို ထောင်ထဲဆွဲထည့်လို့ သခင်စိုး၊ သခင်နု၊ ဒေါက်တာဗမော် စသူတွေထောင်ထဲရောက်ကုန်ပြီ။

သခင်အောင်ဆန်းကိုလည်း အမှုရှာနေတုန်း ဇလွန်၊ဒေါင့်ကြီးရွာတရားပွဲတွေနဲ့ အကွက်ဝင်နေလို့ ထောင်ထဲဆွဲထည့်ဖို့ အဆင်သင့်ဖြစ်နေတယ်။ အင်္ဂလိပ်အစိုးရရဲ့ ရန်သူတော်နံပါတ် ၅ ဖြစ်တဲ့ သခင်အောင်ဆန်း ၀ရမ်းပြေးဘ၀ရောက်ရလို့ ဂျပန်ပြည်ကို ထွက်ခဲ့ရတယ်ဆိုရင် လုံးလုံးမှားပါတယ်။ တနည်းနည်းနဲ့ အဖမ်းခံရဖို့ သေချာနေလို့ မြေမလျှိုးခင်တောင် ကိစ္စပြောစရာရှိတာပြောဆိုသွားမယ်ဆိုတာမှ မှန်ပါမယ်။

ဟင်္သာတသို့ သင်္ဘောခရီးစဉ်

ရန်ကုန်မှထွက်လာကတည်းက သခင်အောင်ဆန်းက ပေါ်ပေါ်ထင်ထင်မထွက်နိုင်ပါဘူး။ သင်္ဘောကမ်းကခွာတော့မှ သဗ္ဗန်တစ်စင်းပေါ်ကနေ ပြောင်းပြီးတက်လာရတာပါ။ ပုလိပ်စုံထောက်တွေကို ရှောင်လွှဲလိုပါတယ်။ ရန်ကုန်-တွံတေးဝ-မအူပင်-ညောင်တုန်း-ဇကာကြီး-အဖျောက်-ဇလွန်-ဒေါင့်ကြီး-သာဓုချောင်း-ဟင်္သာတ ဆိပ်ကမ်းတွေမှာ ပြည်-ရန်ကုန် အစုန်အဆန်သင်္ဘောတွေနဲ့ ကပ်ပါတယ်။ အဆန် နှစ်ရက်ခရီးမှာ ဓနုဖြူမှာ တစ်ညအိပ်ပြီးမှ ဟင်္သာတကို နောက်တစ်နေ့ညနေမှ ရောက်ပါတယ်။ ရေစုန်ခရီးမှာ ဟင်္သာတက နံနက် ၇ နာရီထွက်ရင် ရန်ကုန်ကို ည ၁၀နာရီရောက်တော့ တနေ့တာခရီးဖြစ်ပါတယ်။စာရေးသူ ၀န်ထမ်းဘ၀က အဲဒီခရီးစဉ်တွေ အတိုင်း မြစ်ရိုးတစ်လျှောက်က ရွာတွေကို တာဝန်အရ သွားဖူးပါတယ်။

သခင်အောင်ဆန်းဟာ အက် ၂၅ နှစ်သားဘ၀မှာပဲ အဲဒီခရီးစဉ်ကြောင့် ဆုငွေငါးကျပ်တန် ဖမ်းဝရမ်းထုတ်ခံရတယ်။ ဌာနချုပ်က လိုက်ပါလာသူများက ကျုံမငေး သခင်တင်မောင်၊ ဟံသာဝတီ နေစဉ်သတင်းထောက်ကိုတင်အောင် နဲ့ နယ်ခံကြိုဆိုသူ ကြံခင်းသခင်လေးမြင့် တို့ဖြစ်ကြပါတယ်။ တရားပွဲပြီးတော့ ညမှောင်မှောင် မှာ လူအုပ်ကြီးနဲ့အရိပ်ခိုပြီး ပြန်လာကြတယ်။ ဒေါင့်ကြီးဆိပ်ကမ်းနဲ့ သာဓုချောင်း ဆိပ်ကမ်းတွေမှာ ဟင်္သာတက ပုလိပ်စုံထောက်တွေကို ကိုယ်ယောင်ဖျောက်၊မျက်လှည့်ပြခဲ့တယ်။ သခင်အောင်ဆန်း နဲ့ သခင်တင်မောင်တို့က ရန်ကုန်ရောက်ကြပြီး ဟံသာဝတီနေ့စဉ်သတင်းထောက် ကိုတင်အောင် နဲ့ ကြံခင်းက သခင်လေးမြင့်တို့က ဟင်္သာတဘက်ကို ပြန်လာကြတာပါ။

သခင်အောင်ဆန်းတို့ မြေလျှိုးလို့ ရှာဖွေမတွေ့တော့မှ တစ်လနီးပါးအကြာ ၁၂-၇-၁၉၄၀ ရက်မှာ အများသိကြတဲ့ သခင်အောင်ဆန်းကို ဖမ်းမိအောင် ကူညီလျှင် ခရိုင်ရာဇ၀တ်ဝန် D.S.P (ခရိုင်ရဲမှူး)က ဆုတော်ငွေ ငါးကျပ် ပေးတော်မူမည်ဆိုတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့တာပါ။ နိုင်ငံသိ လုပ်လိုက်တယ်။

အဲဒီတုန်းက မစ္စတာဇေဗီးယားရဲ့ လက်အောက်မှာ ရဲဝန်ထောက် H.Q.A (ယခု ဒုရဲမှူး)အဖြစ်ဆောင်ရွက်ခဲ့သူ မျိုးချစ်စိတ်ရှိတဲ့ ဦးလှတောပြောဆိုချက်အရ သခင်အောင်ဆန်းကို ဇေးဗီးယားက ဖမ်းဝရမ်းမထုတ်ရဲပါ။ တစ်နိုင်ငံလုံး ဆူပူမှာစိုးရိမ်တယ်။ရဲဌာနချုပ်က မျက်နှာဖြူအရာရှိတွေ ဖိအားပေးလို့ထုတ်ခဲ့ရတယ်။ ဘုရင်ခံအမှုဆောင်ကောင်စီအစည်းအဝေးအထိ ဆွေးနွေးခဲ့ရတဲ့ ကိစ္စဖြစ်ပြီးနောက်ပိုင်းမှာ ၀ရမ်းထုတ်တာကို ပြန်လည်ရုပ်သိမ်းခဲ့ရတယ်။ (သခင်အောင်ဆန်းဟာ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ် ဆီးနိတ်အဖွဲ့ဝင်ကျောင်းသားကိုယ်စာလှယ်ဖြစ်နေတုန်းမို့ ခရိုင်ရဲဝန်က ၀ရမ်းမထုတ်ရဲပါလို့ ဦးလှတောက ဆိုပါတယ်) ဦးလှတော နောင်အခါ တရားဝန်ကြီးဖြစ်ပြီးမှ သခင်တင်မောင်(ကျုံမငေး)ကို ပြောပြခဲ့တယ်။

ဟင်္သာတသို့ ဒုတိယခရီးစဉ်

သခင်အောင်ဆန်းဟာ ရန်ကုန်မြို့ ၊ ၅၃ လမ်း အိမ်တစ်အိမ်မှာ ပုန်းရှောင်နေရင်း ညဘက်မှသွားလာရတယ်။ သခင်တင်မောင် (ကျုံမငေး)၊ သခင်လှဖေ(နောင်-ဗိုလ် လကျာ်) တို့နဲ့ ပြန်လည်ဆက်သွယ်မိတယ်။ စရိတ်ငွေကြေးပြတ်နေလို့ ငွေကြေးရနိုင်တဲ့ ဟင်္သာတက မိတ်ဆွေတွေကို အကူအညီတောင်းဖို့ နောက်တစ်ခေါက်ထပ်သွားကြပြန်တယ်။ သခင်တင်မောင်ရဲ့ ရင်းနှီးတဲ့ငယ်သူငယ်ချင်း ဟင်္သာတရဲဝန်ထောက် ဦးလှတောထံပဲ အကူအညီတောင်းမယ်။ ဖမ်းချင်လည်း ဖမ်းပါစေဆိုပြီးစွန့်စားကြပြန်တယ်။

ဇလွန်က သခင်နီ၊ ဒေါင့်ကြီးက သခင်လှထွန်းတို့ အကူအညီနဲ့ ဟင်္သာတဈေးနားက သခင်စိန်ဦးတို့အိမ်ကို ရေလမ်းက သွားကြပြန်တယ်။ သခင်လှထွန်းက သူ့မိခင်မသိအောင် ငွေ ၈၀၀ ကျပ်ယူလာတယ်။ ဟင်္သာတဈေးထဲက သခင်သိန်းဟန်(ပိုးထည်ဆိုင်)က ငွေ ၄၀၀ကျပ် သူ့မိန်းမ မသိအောင်ပေးပြန်တယ်။ငွေ ၁၂၀၀ ကျပ်ဆိုရင်သုံးစွဲလောက်ပြီ။ အပြန်ခရီးကိုတော့ မြန်မာလူမျိုး ရဲဝန်ထောက် ဦးလှတော အိမ်သွားပြီးအကူအညီလည်းတောင်းမယ်။ ထမင်းလဲဝင်စားမယ်။ မဖမ်းတန်ကောင်းဘူး။

ညမိုးချုပ်မှာ သခင်တင်မောင်(ကျုံမငေး)နဲ့ သခင်အောင်ဆန်းဟာ ရဲဝန်ထောက်အိမ်ဝင်ပြီး အကူအညီတောင်းတယ်။ ၀ရမ်းထုတ်ခံရသူတွေဖြစ်နေပေမယ့် မျိုးချစ်စိတ်ရှိသူ ရဲဝန်ထောက်လင်မယားက တိတ်တခိုး အကူအညီပေးတယ်။ ၀န်ထောက်ကတော် မာရီလှတော(ဒေါ်ခင်ခင်ဦး)က သူ့ကားနဲ့ ယုန်တလင်းရွာက မန်းဘခိုင်(နောင်-အာဇာနည်)ရဲ့ အိမ်ကိုပို့တယ်။ မန်းဘခိုင်က ရန်ကုန်ကိုပို့နေကျ ဌက်ပျောသီးလှေကြီးနဲ့ သခင်အောင်ဆန်းတို့ကို လလျှို့ ၀ှက်တင်လာပြီး ရန်ကုန်၊ပုဇွန်တောင်ဈေးနားကို ပို့ပေးခဲ့တယ်။

အဲဒီခရီးစဉ် နှစ်ခုက ဆက်စပ်နေတယ်။လျှို့ ၀ှက်ခရီးတွေဖြစ်လို့ နောက်ပိုင်းမှတ်တမ်းတင်သူတွေက ခရီးစဉ်တစ်ခုပဲဖြစ်လေဟန် မှတ်တမ်းတင်ကြပါတယ်။ ရန်ကုန်မှာ ကြာကြာနေလို့မဖြစ်တော့ဘူး။ဗိုလ်လက်ျာက ခင်မင်တဲ့ ရန်ကုန်၊ ၁၉ လမ်းက တရုတ်ကုန်သည် ကိုကျော်ခင်က တရုတ်ပြည်၊အမွိုင်ကိုထွက်မယ့် အုန်းသီးလာတင်တဲ့ သင်္ဘောဟိုင်လီနဲ့ ပြည်ပကို သွားရအောင် ကူညီပါတယ်။ သခင်အောင်ဆန်းကို တန်လူရှောင်၊ အဖော်ပါသွားတဲ့ သခင်လှမြိုင်(ဗိုလ်ရန်အောင်)ကို တန်ဆူတောင် အမည်ပေးတယ်။ရုပ်ဖျက်ပြီး တရုတ်များဟန်ဆောင်က ၈-၈-၁၉၄၀ ရက်မှာပြည်ပအကူအညီရှာဖို့ ထွက်ကြပါတယ်။ (တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်ဖို့ ကိစ္စဟာ ဂျပန်ဖက်ဆစ်တွေနဲ့ ဆက်မိတဲ့ အလှည့်အပြောင်းတစ်ခုဖြစ်ပြန်တယ်) ပေးကြကမ်းကြတဲ့ ငွေကြေးအနည်းငယ်နဲ့ ပြည်ပကိုထွက်ရတာ။ ဒါပေမယ့်သခင်အောင်ဆန်းတို့ကို လုပ်ပိုင်ခွင့်အပြည့်ပေးခဲ့တယ်။

ပုသိမ်-ဟင်္သာတ-ရန်ကုန်ခရီးစဉ်

အမွိုင်မှာ သခင်အောင်ဆန်းတို့သောင်တင်နေပြီး ငွေကြေးပြတ်လပ်နေလို့ ဗိုလ်လက်ျာရဲ့ ဖျာပုံကအိမ်ကို သံကြိုးရိုက်ပါတယ်။ ငွေထပ်ပို့ရတယ်။ သုံးလလောက်ကျတော့မှ ဒေါက်တာဗမော်၊ဒေါက်တာသိန်းမောင်တို့အဆက်နဲ့ ဂျပန်က ဗိုလ်မှူးကြီး ဆူဇူကီးကို သခင်အောင်ဆန်းတို့ ဆက်မိတယ်။ တိုကျိုမြို့ ကိုခေါ်သွားတယ်။ ဂျပန်တွေဟာ သခင်အောင်ဆန်းကို ကွန်မြူနစ်ဖြစ်နေမှာစိုးလို့ စုံစမ်းပါတယ်။ ဖက်စစ်နဲ့ ကွန်မြူနစ်က ကမ္ဘာရန်သူတွေပါပဲ။ စစ်ဆင်ရေးစီမံကိန်းကို သခင်အောင်ဆန်းရေးဆွဲပြတာကျေနပ်လို့ မြန်မာပြည်ကို တစ်ခေါက်ပြန်လွှတ်ပါတယ်။ ဗမာထွက်ရပ်ဂိုဏ်းက ဌာနချူပ်လူကြီးတွေနဲ့ တိုင်ပင်ပြီး လူငယ် ၃၀ ခေါ်ထုတ်ဖို့ပဲ။

အဲဒီခရီးစဉ်ကတော့ သွားအတုတပ်ပြီး ရုပ်ဖျက်ထားလို့ နယ်ချဲ့စုံထောက်တွေမမှတ်မိပါ။ တိုကျိုက ဆန်တင်သင်္ဘောပုသိမ်ဆိပ်ကမ်းကိုကပ်တုန်း သင်္ဘောမှဆင်းပြီး ရန်ကုန်ကို ရထားခရီးနဲ့လာခဲ့ရပါတယ်။ ပုသိမ်က ဟင်္သာတ ၉၅ ခရီးသွားရတယ်။ ကူတို့သင်္ဘောနဲ့ ဧရာဝတီမြစ်ကမ်းက သာရဝေါကို ကူရပါတယ်။ သာရဝေါမှ ၁၀၄မိုင်ရှိတဲ့ ရန်ကုန်မြို့ ကို လက်ပံတန်း၊ သာယာဝတီ၊မှော်ဘီမြို့ တွေကိုဖြတ်ပြီး ရောက်လာပါတယ်။ ၃-၃-၁၉၄၁ ရက်မှ ၉-၃-၁၉၄၁ ရက်အထိပဲ သခင်အောင်ဆန်းက ရန်ကုန်မှာနေပြီး ရဲဘော်သုံးကျိပ် ပထမအသုတ်ကို ဂျပန်ကိုခေါ်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ သွားအတုတပ်ပြီး ရုပ်ဖျက်ထားလို့ ဟင်္သာတက ပုလိပ်စုံထောက်တွေ လုံးဝမရိပ်မိဘူးလို့ ရန်ကုန်ဌာနချုပ်က လူကြီးတွေကို သခင်အောင်ဆန်းက ပြောခဲ့ပါတယ်။ အဲဒီခရီးစဉ်အတွင်း ဟင်္သာတဈေးကြီးအနီးက သူငယ်ချင်းဖြစ်သူ သခင်စိန်ဦးအိမ်ကို ခေတ္တ၀င်ရောက်ခဲ့ပါသေးတယ်။ သခင်စိန်ဦးမိသားစုနဲ့ ကျွန်တော်တို့က ရပ်ဆွေရပ်မျိုးတွေလိုဖြစ်တော့ ရန်ကုန်ကလူကြီးတွေ အမှတ်တမဲ့ ဖြစ်နေတဲ့ သတင်းတွေကို သူတို့ကောင်းကောင်း ပြောပြနိုင်တယ်။

စစ်ဝန်ကြီးဘ၀ ဟင်္သာတခရီး

၃-၉-၁၉၄၄ ရက်မှာ စစ်ဝန်ကြီးနဲ့ ဗမာ့တပ်မတော်စစ်သေနာပတိကြီး ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊ ဗိုလ်မှူးကြီးစောကြာဒိုး၊ဗိုလ်မှူးရဲထွဋ် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ကြီး စောစံဖိုးသင် တို့နဲ့အတူ ဧရာဝတီတိုင်း ခရီးစဉ်အရ မြောင်းမြမြို့ ကို အရင်ဝင်ရောက်ခဲ့ပါတယ်။ ၆ ရက်နေ့ ပုသိမ်မြို့ အစည်းအဝေးကြီးမှာ မိန့်ခွန်းပြောတယ်။ ၇ ရက်နေ့မှာ ပုသိမ်ခရိုင်၊ ကံကြီးထောင့်ရွာ (ယခု ပုသိမ်အရှေ့ / ကံကြီးထောင့်မြို့နယ်) ကို ဗိုလ်မှူးကြီးဇေယျ၊  ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်မှူးရဲထွဋ်၊ဗိုလ်ကြီးစောစံဖိုးသင်၊ ဗိုလ်သိန်းဆွေ တို့နဲ့အတူခရီးဆက်ကြတယ်။ ၁၀-၉-၁၉၄၄ ရက် ဟင်္သာတမြို့ မင်္ဂလာညွန့် ရုပ်ရှင်ရုံကြီးမှာ ပြည်သူလူထုကို မိန့်ခွန်းပြောခဲ့တယ်။ အဲဒီ မိန့်ခွန်းက ၁၉-၉-၁၉၄၄ ရက်ထုတ် မြန်မာ့အလင်းနေ့စဉ် မှာ ပါလာတော့ လူအများစိတ်ဝင်စားကြတယ်။

စိတ်ဝင်စားစရာကောင်းတဲ့ မိန့်ခွန်း

စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟင်္သာတမြို့မှာပြောခဲ့တဲ့မိန့်ခွန်းက-

မိမိသည် တခမ်းတနားအကြိုခံချင်၍ လာရောက်ခြင်းမဟုတ်။ မိမိ ဟင်္သာတသို့မရောက်ခင်က မိမိကိုအလွန်ကြောက်လန့်နေသည်ဟု သိရရာ ယခုလည်းပို၍ကြောက်လန့်သွားအောင် ပြောဆိုသွားမည်ဖြစ်ကြောင်း၊ အချို့ နိုင်ငံများတွင် စစ်ထဲမ၀င်မနေရ ဥပဒေများ ထုတ်လျက်ရှိရာ မြန်မာနိုင်ငံတွင် ယခုအခါ ထိုဥပဒေများ မလိုသေးဘဲ နောင်တွင် ထိုဥပဒေမျိုးထုတ်သင့်က ထုတ်ရမည်ဖြစ်ကြောင်း၊ မိမိလာခြင်းမှာ စစ်သားစုဆောင်းရေးအတွက်မဟုတ်ဘဲ တိုင်းရင်းသားများချစ်ကြည်ရေးအတွက်လာရခြင်းဖြစ်ကြောင်း အစချီပြီး ပြောပါတယ်။

ယခုစစ်ကြီးမှာ လက်နက်များလည်း ဆန်းသစ်လာကြောင်း၊ စစ်ကြီးမည်မျှပင်ကြာပါစေ။ မိမိတို့အင်အားရှိလျှင် ကမ္ဘာက အသိအမှတ်ပြူပေးမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပေါင်းစုံရှိရာ အားလုံးတစ်လုံးတစ်စည်းထဲရှိရမည်ဖြစ်ကြောင်း၊ကျွန်းသစ်၊ရေနံ၊သတ္တုပေါများသဖြင့် မြန်မာနိုင်ငံကို ဟိုလူလိုချင် ဒီလူလိုချင်ဖြစ်နေကြောင်း၊ဥပမာပေးရလျှင် မြို့ရောက်၍ ဖြီးလိမ်းဝတ်စားတတ်သော တောသူမလေးနှင့် သဏ္ဌာန် တူကြောင်း၊တောမှာနေစဉ်က မည်သူမျှမလိုချင်သော်လည်း မြို့ရောက်၍ လှပစွာဝတ်စားဆင်ယင်တတ်သောအခါ လူတိုင်းက မျက်စိကျလာတတ်ကြောင်း၊ တောသူကလေးလူရွေးတတ်ဖို့လိုကြောင်း၊ လူမရွေးတတ်လျှင် ရောဂါရတတ်ကြောင်း၊ မြန်မာနိုင်ငံလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ကြောင်းလို့ ဗိုလ်ချုပ်က ဥပမာလှလှပေးလို့ ပြောခဲ့ပါတယ်။

အဲဒီမိန့်ခွန်းပြောခဲ့တော့ လွန်ခဲ့တဲ့ လေးနှစ်က အာဏာလက်မဲ့နိုင်ငံရေးသမားဘ၀နဲ့ အခုစစ်ဝန်ကြီး War Minister(ကာကွယ်ရေးဝန်ကြီး) ဘ၀ နဲ့ မိန့်ခွန်းကို နာယူဖို့ ရောက်လာကြသူတွေအနေအထားက ကွာခြားပါတယ်။ အဲဒီရှားပါးမိန့်ခွန်းကိုလည်း လူတိုင်းကြားဖူးကြမယ်မဟုတ်ပါ။ ဗိုလ်ချုပ်တို့အဖွဲ့ ပဲခူးတိုင်း သာရဝေါမြို့ ကို အရေးပိုင်သင်္ဘောနဲ့ ဖြတ်ကူးပြီး ရန်ကုန်သို့ မီးရထားဖြင့် ပြန်လည်ရောက်ရှိကြပါတယ်။ ဟင်္သာတခရိုင်၊ ဖ.ဆ.ပ.လ ဥက္ကဋ္ဌ ဦးသန်းတင် (အငြိမ်းစား သမ္မတ ဒေါက်တာမောင်မောင် ၏ ယောက္ခမ) ကိုလည်း အဲဒီခရီးစဉ်မှာပဲ ဟင်္သာတမြို့ရဲ့ ဖက်ဆစ်တော်လှန်ရေး ကိစ္စကို လျှို့ ၀ှက်လမ်းညွန်ချက် ပေးခဲ့ပါတယ်။

ဟင်္သာတမြို့ဟာ ဗိုလ်ချုပ်အောင်ဆန်းအတွက် အများကြီးအလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ မကြာခဏ သွားခဲ့ရတာမို့ မြို့လူထုနဲ့ ရင်းနှီးပုံရပါတယ်။ ဟင်္သာတမှာ ဆေးရွက်ကြီးလှန်းတာကိုလည်း အပြစ်တင်တဲ့ ၁၃-၇-၁၉၄၇ ရက်နောက်ဆုံးမိန့်ခွန်းကိုလည်း ပြောခဲ့ပါသေးတယ်။
 
(ယခုဖော်ပြပါအကြောင်းအရာများအား http://kyawhtetwin.blogspot.com/2013/08/blog-post_5076.html မှကူးယူဖော်ပြခြင်းဖြစ်သည်)