ဗိုလ်ချုပ်အောင်ဆန်းဟာ ဧရာဝတီတိုင်း၊ဟင်္သာတခရိုင်၊ဟင်္သာတမြို့ သို့ လေးကြိမ်တိတိ ရောက်ခဲ့ပါတယ်။ ပထမ
နှစ်ကြိမ်က ၁၉၄၀ ပြည့်နှစ်အတွင်း ရေလမ်းခရီးစဉ်ဖြစ်ပြီး ဒုတိယ
နှစ်ကြီမ်ကတော့ ပုသိမ်မြို့မှတဆင့် ရောက်ရှိခဲ့တဲ့ ရထားခရီးစဉ်ဖြစ်ပါတယ်။ ပထမခရီးစဉ်နှစ်ကြိမ်ဟာ တို့ဗမာအစည်းအရုံးဗဟိုဌာနချုပ်
အထွေထွေအတွင်းရေးမှုးဘ၀နဲ့ သွားရောက်ခဲ့တာဖြစ်လို့
ဒုက္ခဆင်းရဲရောက်ခဲ့ရပါတယ်။
အဲဒီဟင်္သာတခရီးစဉ်
နှစ်ခုဟာဗိုလ်ချုပ်အောင်ဆန်း အမျိုးသားခေါင်းဆောင်ကြီးတစ်ဦးဖြစ်လာဖို့
ဘ၀ရဲ့ မအလှည့်အပြောင်းခရီးစဉ်တွေဖြစ်ပြီး တိုင်းပြည်ရဲ့ ကံကြမ္မာနဲ့လည်း
ဆက်စပ်နေပါတယ်။ ဂျပန်ခေတ်အစိုးရအဖွဲ့ဝင် စစ်ဝန်ကြီးဘ၀နဲ့ စစ်ပြီးခေတ် အမျိုးသားယာယီ အစိုးရအဖွဲ့ ခေါင်းဆောင်တစ်သီးဘ၀မှာ သွားခဲ့ရတဲ့
မြန်မာပြည်အနှံ့ခရီးဆန့်ခဲ့သလိုတော့ မဟုတ်ခဲ့ပါ။
ဇလွန်ညီလာခံ ခရီးစဉ်
အာဏာလက်မဲ့ နိုင်ငံရေးသမားဘ၀ဟာ အလွန်ဆင်းရဲကျပ်တည်းခဲ့ပါတယ်။
တို့ဗမာအစည်းအရုံးကြီးရဲ့ ဟင်္သာတခရိုင် ကွန်ဖရင့်(ခရိုင်ညီလာခံ)ကို
ဟင်္သာတမြို့ပေါ်မှာမလုပ်ဘဲ ခရိုင်မြို့အစွန်အဖျားမြို့နယ်ဖြစ်တဲ့
ဇလွန်မြို့မှာ ၁-၆-၁၉၄၀ ရက်မှာ သုံးရက်တာ ကျင်းပခဲ့ပါတယ်။ ခရိုင်ရာဇ၀တ်ဝန်
မစ္စတာဇေးဗီးယားရဲ့ ရန်ကိုကြောက်လို့ပဲလား။ ဇလွန်မြို့ရဲ့
စည်းရုံးရေးအင်အားကောင်းလို့ပဲလားတော့မသိပါ။ အဲဒီညီလာခံမှာ
တားမြစ်ထားတဲ့ ချင်းတောင်တန်းအရေးကိစ္စကို သခင်အောင်ဆန်းကပြောမိလို့ ဆုငွေ
ငါးကျပ်တန် ဖမ်းဝရမ်းထုတ်ခံရတယ်။ ၆၈ ရက် မြေလျှိုးပြီး တရုတ်ပြည်ခရီးစဉ်ကို
သွားေ၇ာက်ခဲ့တယ်လို့ပဲဗိုလ်ချုပ်အောင်ဆန်းရဲ့ အတ္ထုပ္ပ္ပ္ပ္ပ္ပ္ပတ္တိ မှာ သာမန်သာဖော်ပြကြတယ်။ အဲဒီခရီးစဉ်မှာ အရေးကြီးတဲ့ ပုဂ္ဂိုလ်နှစ်ဦးရဲ့ အမည်က ပျောက်နေတယ်။
ဇလွန်၊ဒေါင်ကြီးတရားပွဲကို တက်ကြွစွာပါဝင်ခဲ့လို့ အဖမ်းခံထောင်ချခံရတဲ့
သခင်မြသန်း(နောင်- စာရေးဆရာ) နဲ့ ကျုံမငေး သခင်တင်မောင်(ဗဟိုအမှုဆောင်)
တို့ရဲ့ အမည်ဟာပျောက်ကွယ်နေတယ်။
သခင်မြသန်း(၁၉၂၁-၁၉၇၆) ဟာ ဇလွန်မြို့နယ်သားဖြစ်တယ်။ ဇလွန်အပိုင်
ဒေါင်ကြီးကျေးရွာတရားပွဲအပြီးမှာ ကာကွယ်ရေးဥပဒေပုဒ်မ ၃၈ အရ ဟင်္သာတထောင်မှာ
တစ်နှစ်ခွဲကျပြီး အင်းစိန်ထောင်၊မန္တလေးထောင် တို့ကို ပြောင်းခဲ့ရတယ်။
သခင်မြသန်းဟာ မန္တလေးထောင်ပွင့်တော့မှ လွတ်မြောက်လာသူဖြစ်တယ်။ ၁၉၃၉ ခုနှစ်
ဒုတိယကမ္ဘာစစ်ကြီး ဥရောပစစ်မျက်နှာစတင်ကတည်းက
အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးပိုင်ဟာ နာမည်ကြီးနိုင်ငံရေးသမားတွေကို
ထောင်ထဲဆွဲထည့်လို့ သခင်စိုး၊ သခင်နု၊ ဒေါက်တာဗမော်
စသူတွေထောင်ထဲရောက်ကုန်ပြီ။
သခင်အောင်ဆန်းကိုလည်း အမှုရှာနေတုန်း ဇလွန်၊ဒေါင့်ကြီးရွာတရားပွဲတွေနဲ့ အကွက်ဝင်နေလို့ ထောင်ထဲဆွဲထည့်ဖို့ အဆင်သင့်ဖြစ်နေတယ်။ အင်္ဂလိပ်အစိုးရရဲ့
ရန်သူတော်နံပါတ် ၅ ဖြစ်တဲ့ သခင်အောင်ဆန်း ၀ရမ်းပြေးဘ၀ရောက်ရလို့
ဂျပန်ပြည်ကို ထွက်ခဲ့ရတယ်ဆိုရင် လုံးလုံးမှားပါတယ်။ တနည်းနည်းနဲ့
အဖမ်းခံရဖို့ သေချာနေလို့ မြေမလျှိုးခင်တောင်
ကိစ္စပြောစရာရှိတာပြောဆိုသွားမယ်ဆိုတာမှ မှန်ပါမယ်။
ဟင်္သာတသို့ သင်္ဘောခရီးစဉ်
ရန်ကုန်မှထွက်လာကတည်းက သခင်အောင်ဆန်းက ပေါ်ပေါ်ထင်ထင်မထွက်နိုင်ပါဘူး။
သင်္ဘောကမ်းကခွာတော့မှ သဗ္ဗန်တစ်စင်းပေါ်ကနေ ပြောင်းပြီးတက်လာရတာပါ။
ပုလိပ်စုံထောက်တွေကို ရှောင်လွှဲလိုပါတယ်။
ရန်ကုန်-တွံတေးဝ-မအူပင်-ညောင်တုန်း-ဇကာကြီး-အဖျောက်-ဇလွန်-ဒေါင့်ကြီး-သာဓုချောင်း-ဟင်္သာတ
ဆိပ်ကမ်းတွေမှာ ပြည်-ရန်ကုန် အစုန်အဆန်သင်္ဘောတွေနဲ့ ကပ်ပါတယ်။ အဆန်
နှစ်ရက်ခရီးမှာ ဓနုဖြူမှာ တစ်ညအိပ်ပြီးမှ ဟင်္သာတကို နောက်တစ်နေ့ညနေမှ
ရောက်ပါတယ်။ ရေစုန်ခရီးမှာ ဟင်္သာတက နံနက် ၇ နာရီထွက်ရင် ရန်ကုန်ကို ည
၁၀နာရီရောက်တော့ တနေ့တာခရီးဖြစ်ပါတယ်။စာရေးသူ ၀န်ထမ်းဘ၀က အဲဒီခရီးစဉ်တွေ
အတိုင်း မြစ်ရိုးတစ်လျှောက်က ရွာတွေကို တာဝန်အရ သွားဖူးပါတယ်။
သခင်အောင်ဆန်းဟာ အက် ၂၅ နှစ်သားဘ၀မှာပဲ အဲဒီခရီးစဉ်ကြောင့် ဆုငွေငါးကျပ်တန် ဖမ်းဝရမ်းထုတ်ခံရတယ်။ ဌာနချုပ်က
လိုက်ပါလာသူများက ကျုံမငေး သခင်တင်မောင်၊ ဟံသာဝတီ
နေစဉ်သတင်းထောက်ကိုတင်အောင် နဲ့ နယ်ခံကြိုဆိုသူ ကြံခင်းသခင်လေးမြင့်
တို့ဖြစ်ကြပါတယ်။ တရားပွဲပြီးတော့ ညမှောင်မှောင် မှာ
လူအုပ်ကြီးနဲ့အရိပ်ခိုပြီး ပြန်လာကြတယ်။ ဒေါင့်ကြီးဆိပ်ကမ်းနဲ့ သာဓုချောင်း
ဆိပ်ကမ်းတွေမှာ ဟင်္သာတက ပုလိပ်စုံထောက်တွေကို
ကိုယ်ယောင်ဖျောက်၊မျက်လှည့်ပြခဲ့တယ်။ သခင်အောင်ဆန်း နဲ့ သခင်တင်မောင်တို့က
ရန်ကုန်ရောက်ကြပြီး ဟံသာဝတီနေ့စဉ်သတင်းထောက် ကိုတင်အောင် နဲ့ ကြံခင်းက
သခင်လေးမြင့်တို့က ဟင်္သာတဘက်ကို ပြန်လာကြတာပါ။
သခင်အောင်ဆန်းတို့ မြေလျှိုးလို့ ရှာဖွေမတွေ့တော့မှ တစ်လနီးပါးအကြာ
၁၂-၇-၁၉၄၀ ရက်မှာ အများသိကြတဲ့ သခင်အောင်ဆန်းကို ဖမ်းမိအောင် ကူညီလျှင်
ခရိုင်ရာဇ၀တ်ဝန် D.S.P (ခရိုင်ရဲမှူး)က ဆုတော်ငွေ ငါးကျပ်
ပေးတော်မူမည်ဆိုတဲ့ အမိန့်ကို ထုတ်ပြန်ခဲ့တာပါ။ နိုင်ငံသိ လုပ်လိုက်တယ်။
အဲဒီတုန်းက မစ္စတာဇေဗီးယားရဲ့ လက်အောက်မှာ ရဲဝန်ထောက် H.Q.A (ယခု
ဒုရဲမှူး)အဖြစ်ဆောင်ရွက်ခဲ့သူ မျိုးချစ်စိတ်ရှိတဲ့ ဦးလှတောပြောဆိုချက်အရ သခင်အောင်ဆန်းကို
ဇေးဗီးယားက ဖမ်းဝရမ်းမထုတ်ရဲပါ။ တစ်နိုင်ငံလုံး
ဆူပူမှာစိုးရိမ်တယ်။ရဲဌာနချုပ်က မျက်နှာဖြူအရာရှိတွေ
ဖိအားပေးလို့ထုတ်ခဲ့ရတယ်။ ဘုရင်ခံအမှုဆောင်ကောင်စီအစည်းအဝေးအထိ
ဆွေးနွေးခဲ့ရတဲ့ ကိစ္စဖြစ်ပြီးနောက်ပိုင်းမှာ ၀ရမ်းထုတ်တာကို
ပြန်လည်ရုပ်သိမ်းခဲ့ရတယ်။ (သခင်အောင်ဆန်းဟာ
ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌဖြစ်ခဲ့ပြီး ရန်ကုန်တက္ကသိုလ်
ဆီးနိတ်အဖွဲ့ဝင်ကျောင်းသားကိုယ်စာလှယ်ဖြစ်နေတုန်းမို့ ခရိုင်ရဲဝန်က
ဝရမ်းမထုတ်ရဲပါလို့ ဦးလှတောက ဆိုပါတယ်) ဦးလှတော နောင်အခါ
တရားဝန်ကြီးဖြစ်ပြီးမှ သခင်တင်မောင်(ကျုံမငေး)ကို ပြောပြခဲ့တယ်။
ဟင်္သာတသို့ ဒုတိယခရီးစဉ်
သခင်အောင်ဆန်းဟာ ရန်ကုန်မြို့ ၊ ၅၃ လမ်း အိမ်တစ်အိမ်မှာ ပုန်းရှောင်နေရင်း
ညဘက်မှသွားလာရတယ်။ သခင်တင်မောင် (ကျုံမငေး)၊ သခင်လှဖေ(နောင်-ဗိုလ် လကျာ်)
တို့နဲ့ ပြန်လည်ဆက်သွယ်မိတယ်။ စရိတ်ငွေကြေးပြတ်နေလို့ ငွေကြေးရနိုင်တဲ့
ဟင်္သာတက မိတ်ဆွေတွေကို အကူအညီတောင်းဖို့ နောက်တစ်ခေါက်ထပ်သွားကြပြန်တယ်။
သခင်တင်မောင်ရဲ့ ရင်းနှီးတဲ့ငယ်သူငယ်ချင်း ဟင်္သာတရဲဝန်ထောက် ဦးလှတောထံပဲ
အကူအညီတောင်းမယ်။ ဖမ်းချင်လည်း ဖမ်းပါစေဆိုပြီးစွန့်စားကြပြန်တယ်။
ဇလွန်က သခင်နီ၊ ဒေါင့်ကြီးက သခင်လှထွန်းတို့ အကူအညီနဲ့ ဟင်္သာတဈေးနားက
သခင်စိန်ဦးတို့အိမ်ကို ရေလမ်းက သွားကြပြန်တယ်။ သခင်လှထွန်းက
သူ့မိခင်မသိအောင် ငွေ ၈၀၀ ကျပ်ယူလာတယ်။ ဟင်္သာတဈေးထဲက
သခင်သိန်းဟန်(ပိုးထည်ဆိုင်)က ငွေ ၄၀၀ကျပ် သူ့မိန်းမ မသိအောင်ပေးပြန်တယ်။ငွေ
၁၂၀၀ ကျပ်ဆိုရင်သုံးစွဲလောက်ပြီ။ အပြန်ခရီးကိုတော့ မြန်မာလူမျိုး
ရဲဝန်ထောက် ဦးလှတော အိမ်သွားပြီးအကူအညီလည်းတောင်းမယ်။ ထမင်းလဲဝင်စားမယ်။
မဖမ်းတန်ကောင်းဘူး။
ညမိုးချုပ်မှာ သခင်တင်မောင်(ကျုံမငေး)နဲ့ သခင်အောင်ဆန်းဟာ
ရဲဝန်ထောက်အိမ်ဝင်ပြီး အကူအညီတောင်းတယ်။ ၀ရမ်းထုတ်ခံရသူတွေဖြစ်နေပေမယ့်
မျိုးချစ်စိတ်ရှိသူ ရဲဝန်ထောက်လင်မယားက တိတ်တခိုး အကူအညီပေးတယ်။
ဝန်ထောက်ကတော် မာရီလှတော(ဒေါ်ခင်ခင်ဦး)က သူ့ကားနဲ့ ယုန်တလင်းရွာက
မန်းဘခိုင်(နောင်-အာဇာနည်)ရဲ့ အိမ်ကိုပို့တယ်။ မန်းဘခိုင်က
ရန်ကုန်ကိုပို့နေကျ ဌက်ပျောသီးလှေကြီးနဲ့ သခင်အောင်ဆန်းတို့ကို လလျှို့
ဝှက်တင်လာပြီး ရန်ကုန်၊ပုဇွန်တောင်ဈေးနားကို ပို့ပေးခဲ့တယ်။
အဲဒီခရီးစဉ် နှစ်ခုက ဆက်စပ်နေတယ်။လျှို့ ၀ှက်ခရီးတွေဖြစ်လို့
နောက်ပိုင်းမှတ်တမ်းတင်သူတွေက ခရီးစဉ်တစ်ခုပဲဖြစ်လေဟန် မှတ်တမ်းတင်ကြပါတယ်။
ရန်ကုန်မှာ ကြာကြာနေလို့မဖြစ်တော့ဘူး။ဗိုလ်လက်ျာက ခင်မင်တဲ့ ရန်ကုန်၊ ၁၉
လမ်းက တရုတ်ကုန်သည် ကိုကျော်ခင်က တရုတ်ပြည်၊အမွိုင်ကိုထွက်မယ့်
အုန်းသီးလာတင်တဲ့ သင်္ဘောဟိုင်လီနဲ့ ပြည်ပကို သွားရအောင် ကူညီပါတယ်။
သခင်အောင်ဆန်းကို တန်လူရှောင်၊ အဖော်ပါသွားတဲ့
သခင်လှမြိုင်(ဗိုလ်ရန်အောင်)ကို တန်ဆူတောင် အမည်ပေးတယ်။ရုပ်ဖျက်ပြီး
တရုတ်များဟန်ဆောင်က ၈-၈-၁၉၄၀ ရက်မှာပြည်ပအကူအညီရှာဖို့ ထွက်ကြပါတယ်။
(တရုတ်ကွန်မြူနစ်ပါတီနဲ့ ဆက်ဖို့ ကိစ္စဟာ ဂျပန်ဖက်ဆစ်တွေနဲ့ ဆက်မိတဲ့
အလှည့်အပြောင်းတစ်ခုဖြစ်ပြန်တယ်) ပေးကြကမ်းကြတဲ့ ငွေကြေးအနည်းငယ်နဲ့
ပြည်ပကိုထွက်ရတာ။ ဒါပေမယ့်သခင်အောင်ဆန်းတို့ကို
လုပ်ပိုင်ခွင့်အပြည့်ပေးခဲ့တယ်။
ပုသိမ်-ဟင်္သာတ-ရန်ကုန်ခရီးစဉ်
အမွိုင်မှာ သခင်အောင်ဆန်းတို့သောင်တင်နေပြီး ငွေကြေးပြတ်လပ်နေလို့
ဗိုလ်လက်ျာရဲ့ ဖျာပုံကအိမ်ကို သံကြိုးရိုက်ပါတယ်။ ငွေထပ်ပို့ရတယ်။
သုံးလလောက်ကျတော့မှ ဒေါက်တာဗမော်၊ဒေါက်တာသိန်းမောင်တို့အဆက်နဲ့ ဂျပန်က
ဗိုလ်မှူးကြီး ဆူဇူကီးကို သခင်အောင်ဆန်းတို့ ဆက်မိတယ်။ တိုကျိုမြို့
ကိုခေါ်သွားတယ်။ ဂျပန်တွေဟာ
သခင်အောင်ဆန်းကို ကွန်မြူနစ်ဖြစ်နေမှာစိုးလို့ စုံစမ်းပါတယ်။ ဖက်စစ်နဲ့
ကွန်မြူနစ်က ကမ္ဘာရန်သူတွေပါပဲ။ စစ်ဆင်ရေးစီမံကိန်းကို
သခင်အောင်ဆန်းရေးဆွဲပြတာကျေနပ်လို့ မြန်မာပြည်ကို တစ်ခေါက်ပြန်လွှတ်ပါတယ်။
ဗမာထွက်ရပ်ဂိုဏ်းက ဌာနချူပ်လူကြီးတွေနဲ့ တိုင်ပင်ပြီး လူငယ် ၃၀
ခေါ်ထုတ်ဖို့ပဲ။
အဲဒီခရီးစဉ်ကတော့ သွားအတုတပ်ပြီး ရုပ်ဖျက်ထားလို့ နယ်ချဲ့စုံထောက်တွေမမှတ်မိပါ။ တိုကျိုက ဆန်တင်သင်္ဘောပုသိမ်ဆိပ်ကမ်းကိုကပ်တုန်း သင်္ဘောမှဆင်းပြီး ရန်ကုန်ကို ရထားခရီးနဲ့လာခဲ့ရပါတယ်။ ပုသိမ်က
ဟင်္သာတ ၉၅ ခရီးသွားရတယ်။ ကူတို့သင်္ဘောနဲ့ ဧရာဝတီမြစ်ကမ်းက သာရဝေါကို
ကူရပါတယ်။ သာရဝေါမှ ၁၀၄မိုင်ရှိတဲ့ ရန်ကုန်မြို့ ကို လက်ပံတန်း၊
သာယာဝတီ၊မှော်ဘီမြို့ တွေကိုဖြတ်ပြီး ရောက်လာပါတယ်။ ၃-၃-၁၉၄၁ ရက်မှ
၉-၃-၁၉၄၁ ရက်အထိပဲ သခင်အောင်ဆန်းက ရန်ကုန်မှာနေပြီး ရဲဘော်သုံးကျိပ်
ပထမအသုတ်ကို ဂျပန်ကိုခေါ်တဲ့ ခရီးစဉ်ဖြစ်ပါတယ်။ သွားအတုတပ်ပြီး
ရုပ်ဖျက်ထားလို့ ဟင်္သာတက ပုလိပ်စုံထောက်တွေ လုံးဝမရိပ်မိဘူးလို့
ရန်ကုန်ဌာနချုပ်က လူကြီးတွေကို သခင်အောင်ဆန်းက ပြောခဲ့ပါတယ်။
အဲဒီခရီးစဉ်အတွင်း ဟင်္သာတဈေးကြီးအနီးက သူငယ်ချင်းဖြစ်သူ သခင်စိန်ဦးအိမ်ကို
ခေတ္တ၀င်ရောက်ခဲ့ပါသေးတယ်။ သခင်စိန်ဦးမိသားစုနဲ့ ကျွန်တော်တို့က
ရပ်ဆွေရပ်မျိုးတွေလိုဖြစ်တော့ ရန်ကုန်ကလူကြီးတွေ အမှတ်တမဲ့ ဖြစ်နေတဲ့
သတင်းတွေကို သူတို့ကောင်းကောင်း ပြောပြနိုင်တယ်။
စစ်ဝန်ကြီးဘ၀ ဟင်္သာတခရီး
၃-၉-၁၉၄၄ ရက်မှာ စစ်ဝန်ကြီးနဲ့ ဗမာ့တပ်မတော်စစ်သေနာပတိကြီး
ဗိုလ်ချုပ်အောင်ဆန်းဟာ ဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်၊
ဗိုလ်မှူးကြီးစောကြာဒိုး၊ဗိုလ်မှူးရဲထွဋ် (ရဲဘော်သုံးကျိပ်)၊ ဗိုလ်ကြီး
စောစံဖိုးသင် တို့နဲ့အတူ ဧရာဝတီတိုင်း ခရီးစဉ်အရ မြောင်းမြမြို့ ကို
အရင်ဝင်ရောက်ခဲ့ပါတယ်။ ၆ ရက်နေ့ ပုသိမ်မြို့ အစည်းအဝေးကြီးမှာ
မိန့်ခွန်းပြောတယ်။ ၇ ရက်နေ့မှာ ပုသိမ်ခရိုင်၊ ကံကြီးထောင့်ရွာ (ယခု
ပုသိမ်အရှေ့ / ကံကြီးထောင့်မြို့နယ်) ကို ဗိုလ်မှူးကြီးဇေယျ၊
ဗိုလ်မှူးကြီးစောကြာဒိုး၊ ဗိုလ်မှူးရဲထွဋ်၊ဗိုလ်ကြီးစောစံဖိုးသင်၊
ဗိုလ်သိန်းဆွေ တို့နဲ့အတူခရီးဆက်ကြတယ်။ ၁၀-၉-၁၉၄၄ ရက် ဟင်္သာတမြို့ မင်္ဂလာညွန့် ရုပ်ရှင်ရုံကြီးမှာ ပြည်သူလူထုကို မိန့်ခွန်းပြောခဲ့တယ်။ အဲဒီ မိန့်ခွန်းက ၁၉-၉-၁၉၄၄ ရက်ထုတ် မြန်မာ့အလင်းနေ့စဉ် မှာ ပါလာတော့ လူအများစိတ်ဝင်စားကြတယ်။
စိတ်ဝင်စားစရာကောင်းတဲ့ မိန့်ခွန်း
စစ်ဝန်ကြီး ဗိုလ်ချုပ်အောင်ဆန်း ဟင်္သာတမြို့မှာပြောခဲ့တဲ့မိန့်ခွန်းက-
မိမိသည် တခမ်းတနားအကြိုခံချင်၍ လာရောက်ခြင်းမဟုတ်။ မိမိ
ဟင်္သာတသို့မရောက်ခင်က မိမိကိုအလွန်ကြောက်လန့်နေသည်ဟု သိရရာ
ယခုလည်းပို၍ကြောက်လန့်သွားအောင် ပြောဆိုသွားမည်ဖြစ်ကြောင်း၊ အချို့
နိုင်ငံများတွင် စစ်ထဲမ၀င်မနေရ ဥပဒေများ ထုတ်လျက်ရှိရာ မြန်မာနိုင်ငံတွင်
ယခုအခါ ထိုဥပဒေများ မလိုသေးဘဲ နောင်တွင် ထိုဥပဒေမျိုးထုတ်သင့်က
ထုတ်ရမည်ဖြစ်ကြောင်း၊ မိမိလာခြင်းမှာ စစ်သားစုဆောင်းရေးအတွက်မဟုတ်ဘဲ
တိုင်းရင်းသားများချစ်ကြည်ရေးအတွက်လာရခြင်းဖြစ်ကြောင်း အစချီပြီး
ပြောပါတယ်။
ယခုစစ်ကြီးမှာ လက်နက်များလည်း ဆန်းသစ်လာကြောင်း၊
စစ်ကြီးမည်မျှပင်ကြာပါစေ။ မိမိတို့အင်အားရှိလျှင် ကမ္ဘာက
အသိအမှတ်ပြူပေးမည်ဖြစ်ကြောင်း၊ တိုင်းရင်းသားပေါင်းစုံရှိရာ
အားလုံးတစ်လုံးတစ်စည်းထဲရှိရမည်ဖြစ်ကြောင်း၊ကျွန်းသစ်၊ရေနံ၊သတ္တုပေါများသဖြင့်
မြန်မာနိုင်ငံကို ဟိုလူလိုချင် ဒီလူလိုချင်ဖြစ်နေကြောင်း၊ဥပမာပေးရလျှင်
မြို့ရောက်၍ ဖြီးလိမ်းဝတ်စားတတ်သော တောသူမလေးနှင့် သဏ္ဌာန်
တူကြောင်း၊တောမှာနေစဉ်က မည်သူမျှမလိုချင်သော်လည်း မြို့ရောက်၍
လှပစွာဝတ်စားဆင်ယင်တတ်သောအခါ လူတိုင်းက မျက်စိကျလာတတ်ကြောင်း၊
တောသူကလေးလူရွေးတတ်ဖို့လိုကြောင်း၊ လူမရွေးတတ်လျှင် ရောဂါရတတ်ကြောင်း၊
မြန်မာနိုင်ငံလည်း ထိုနည်းလည်းကောင်းပင်ဖြစ်ကြောင်းလို့ ဗိုလ်ချုပ်က
ဥပမာလှလှပေးလို့ ပြောခဲ့ပါတယ်။
အဲဒီမိန့်ခွန်းပြောခဲ့တော့ လွန်ခဲ့တဲ့ လေးနှစ်က အာဏာလက်မဲ့နိုင်ငံရေးသမားဘ၀နဲ့ အခုစစ်ဝန်ကြီး War Minister(ကာကွယ်ရေးဝန်ကြီး)
ဘ၀ နဲ့ မိန့်ခွန်းကို နာယူဖို့ ရောက်လာကြသူတွေအနေအထားက ကွာခြားပါတယ်။
အဲဒီရှားပါးမိန့်ခွန်းကိုလည်း လူတိုင်းကြားဖူးကြမယ်မဟုတ်ပါ။
ဗိုလ်ချုပ်တို့အဖွဲ့ ပဲခူးတိုင်း သာရဝေါမြို့ ကို အရေးပိုင်သင်္ဘောနဲ့
ဖြတ်ကူးပြီး ရန်ကုန်သို့ မီးရထားဖြင့် ပြန်လည်ရောက်ရှိကြပါတယ်။
ဟင်္သာတခရိုင်၊ ဖ.ဆ.ပ.လ ဥက္ကဋ္ဌ ဦးသန်းတင် (အငြိမ်းစား သမ္မတ ဒေါက်တာမောင်မောင် ၏
ယောက္ခမ) ကိုလည်း အဲဒီခရီးစဉ်မှာပဲ ဟင်္သာတမြို့ရဲ့ ဖက်ဆစ်တော်လှန်ရေး
ကိစ္စကို လျှို့ ၀ှက်လမ်းညွန်ချက် ပေးခဲ့ပါတယ်။
ဟင်္သာတမြို့ဟာ
ဗိုလ်ချုပ်အောင်ဆန်းအတွက် အများကြီးအလှည့်အပြောင်းဖြစ်ခဲ့ပါတယ်။ မကြာခဏ
သွားခဲ့ရတာမို့ မြို့လူထုနဲ့ ရင်းနှီးပုံရပါတယ်။ ဟင်္သာတမှာ
ဆေးရွက်ကြီးလှန်းတာကိုလည်း အပြစ်တင်တဲ့ ၁၃-၇-၁၉၄၇
ရက်နောက်ဆုံးမိန့်ခွန်းကိုလည်း ပြောခဲ့ပါသေးတယ်။
(ယခုဖော်ပြပါအကြောင်းအရာများအား http://kyawhtetwin.blogspot.com/2013/08/blog-post_5076.html မှကူးယူဖော်ပြခြင်းဖြစ်သည်)
0 comments:
Post a Comment