GENERAL AUNG SAN.::R.I.P::.

ဗိုလ်ချုပ်ပြောခဲ့သောဒီမိုကရေစီလမ်းစဉ်

0
၁၉၄၇ ဇူလိုင် ၁၃ ရက်တွင် ရန်ကုန်မြို့တော်ခန်းမ လေသာဆောင်မှနေ၍ တိုင်းပြုပြည်ပြုလွှတ်တော် ခေါင်းစဉ်ဖြင့် ဗိုလ်ချုပ်အောင်ဆန်း မိန့်ခွန်းပြောကြားနေစဉ်

ယနေ့ မြန်မာ့နိုင်ငံရေးတွင် အရေးအကြီးဆုံး ကိစ္စသည် လက်ရှိဖွဲ့စည်းပုံ ပြင်မပြင် ကိစ္စပင်။ မပြင်လျှင် ဆိုးကျိုးတွေ တသီတတန်းကြီး ဖြစ်ပေါ်လာနိုင်သည်ကို အားလုံးသိကြသည်။ ဒါဆိုလျှင် ပြင်မှဖြစ်မည်ဟု အများစုက လက်ခံကြသည်။ ပြင်လိုကြသည်။
ဤနေရာတွင် ဗြိတိသျှ ကျွန်သပေါက်ဘ၀ကနေ လွတ်လပ်ရေးရအောင် ကြိုးပမ်းခဲ့သည့် အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဒီမိုကရေစီကျင့်စဉ်အား ထုတ်ကြိုးပမ်းမှုကို အတုယူသင့်ပေသည်။
ဗိုလ်ချုပ်အောင်ဆန်းက “ကျွန်တော်တို့ဟာ ဒီမိုကရေစီဝါဒကိုသာ ခေတ်စားအောင် လုပ်ရမယ်” ဟု တိတိကျကျ ပြောခဲ့ပါသည်။ “အဲ့ဒီ (ဒီမိုကရေစီဝါဒ)အရသာ၊ လွတ်လပ်တဲ့ ဗမာနိုင်ငံ ထူထောင်နိုင်အောင် ကြိုးစားရမယ်” ဟုလည်း နိုင်ငံတော် တည်ဆောက်ရေးအတွက် အနှစ်သာရရှိသည့် ဆောင်ရွက်လိုမှုကိုလည်း ဖွင့်ဟထုတ်ဖော်ခဲ့ပါသည်။
အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းသည် ဒီမိုကရေစီ ကျင့်စဉ်ကို ဘာကြောင့် လက်ခံယုံကြည်ပါသနည်း။ အများဆန္ဒနှင့် တူညီမျှတမှု၊ ကျင့်ဝတ်လိုက်နာမှု၊ စည်းကမ်းရှိမှုတို့ကို လက်ခံသောကြောင့် ဖြစ်လေသည်။
ဒီမိုကရေစီ နည်းလမ်းတို့ကို အသုံးပြု၍ နိုင်ငံတော် တည်ဆောက်ရေးကို မလုပ်နိုင်ခဲ့ပါလျှင် ဖြစ်ပေါ်လာနိုင်သည့် အခြေအနေဆိုးကိုလည်း ဗိုလ်ချုပ်သည် ကြိုတင်သိနေခဲ့လေသည်။
ဒီမိုကရေစီနည်းလမ်းကို ကျင့်သုံးသည်ဆိုလျှင် လူ့အခွင့်အရေး ဖွံ့ဖြိုးမှုလည်း မုချရှိလာရပေမည်။ ဗိုလ်ချုပ်သည် လူ့အခွင့်အရေးနှင့် ပတ်သက်၍ မည်သို့ရည်ရွယ် ထားပါသနည်း။ “နောက် လွတ်လပ်စွာဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်နဲ့ စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာတွေးတောခွင့် . . . . .
“ဒါမျိုး မလုပ်နိုင်ခဲ့ရင် ကျွန်တော်တို့ ဗမာပြည်က လူတွေဟာလည်း နစ်နာမယ်။ ကျွန်တော်တို့ တိုင်းပြည်ကိုလည်း ကမ္ဘာက ကြည့်လို့မရတဲ့တစ်နေ့ (ထိုစဉ်က) ဂျပန်နဲ့ ဂျာမနီတို့ အနှိမ်ခံရသလို အနှိမ်ခံရမယ်ဆိုတာ သတိချပ်ကြရမယ်”။
ဒုတိယကမ္ဘာစစ်ကြီးကို မီးမွှေးပြီး နယ်ချဲ့နှင့် ဖက်ဆစ်ဝါဒတို့ကို အသုံးချ၍ လူသားထုအပေါ် တိရစ္ဆာန်ကဲ့သို့ ညှဉ်းပန်းနှိပ်စက် သတ်ဖြတ်အုပ်ချုပ်ခဲ့သည့် ဂျပန်နှင့် ဂျာမနီတို့အပေါ် ကမ္ဘာတစ်ခုလုံးက ၀ိုင်းဝန်းထိုးနှက်ခဲ့သည်ကို ဗိုလ်ချုပ်က ရည်ရွယ်ပြောခြင်း ဖြစ်၏။
ထိုစဉ်က လွတ်လပ်ရေး မရသေးသော ဗမာနိုင်ငံသည် အမျိုးသားတပ်ပေါင်းစုကြီးကို ဖွဲ့စည်းပြီးသော် လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေရသည့်အချိန် ဖြစ်သည်။ လွတ်လပ်ရေး ရလာပါက မည်သည့်ပုံစံဖြင့် နိုင်ငံကို တည်ဆောက်ပါမည်နည်း။
“ဒီမိုကရေစီဝါဒသာ လွတ်လပ်ရေးနဲ့ ဆီလျော်တယ်။ ဒီဝါဒဟာ ငြိမ်းချမ်းရေးကို အားပေးတယ်။ ဒါကြောင့် ဒီမိုကရေစီဝါဒကိုသာ ကျွန်တော်တို့ ရည်ရွယ်ရမယ်။ ဒါဖြင့် ဒီဝါဒဟာ ဘာလဲဆိုတာ ရှင်းပြချင်သေးတယ်”
ဗိုလ်ချုပ်မြော်မြင်သည့် ဒီမိုကရေစီ နည်းလမ်းအရ စုပေါင်းခေါင်းဆောင်မှုသည် ဤသို့ဖြစ်သည်။
“ကျွန်တော်တို့ အမြင်အရဆိုရင် တိုင်းပြည်ရဲ့ ခေါင်းဆောင်မှုဟာ လူတစ်ဦးတည်းက ခေါင်းဆောင်မှုမျိုး မဟုတ်ဘဲ အဖွဲ့နဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်။ အဖွဲ့ရဲ့ဆန္ဒ မဟုတ်တဲ့ ငါ့ဆန္ဒ၊ ငါ့သဘောမျိုးလုပ်တဲ့ ခေါင်းဆောင်မှုမျိုး မဟုတ်ဘဲ အဖွဲ့ရဲ့ဆန္ဒယူပြီး အဖွဲ့ရဲ့ အုပ်ချုပ်မှုအောက်မှာရှိတဲ့ ခေါင်းဆောင်မှုမျိုး ဖြစ်ရမယ်”
အမျိုးသားရေးဝါဒနှင့် ပတ်သက်၍လည်း ဗိုလ်ချုပ်၏အမြင်သည် ကြည်လင်၏။ ဖြောင့်မှန်၏။ ရှင်းလင်းပြတ်သား၏။ “လူမျိုးရေး တရားဟာလည်း ငါ့လူမျိုးမှ ငါ့လူမျိုး တခြားလူမျိုးတွေဟာ ငါ့လောက်မမြတ်။ ငါ့လူမျိုးသာ ကမ္ဘာမှာ ကြီးစိုးရမယ်ဆိုတဲ့ ကျဉ်းမြောင်းသေးသိမ်တဲ့ လူမျိုးရေးတရား မဟုတ်ဘဲ ကိုယ့်လူမျိုး ကိုယ်ချစ်ခင်သော်လည်း တခြားလူမျိုးများကို မုန်းတီးခြင်း၊ အထင်သေးခြင်း မဖြစ်ဘဲ ကမ္ဘာမှာ တိုင်းပြည်အချင်းချင်း သင့်မြတ်စွာ တစ်ဦးကိုတစ်ဦး ဖြစ်ပွားစေအောင် ဆောင်ရွက်တဲ့လူမျိုးလည်း ဖြစ်ရမယ်”
ထိုစဉ်က ဗိုလ်ချုပ်သည် ဖက်ဆစ်ဂျပန်၏ စစ်အာဏာရှင် ၀ါဒကိုလည်း ဤသို့ ဝေဖန်ညွှန်ပြထားသည်။ “ဂျပန်ပြည်မှာလို စစ်ဘက်က လက်ဝါးကြီးအုပ်ပြီး တိုင်းပြည်လွှတ်တော်က ဘာမှအစိုးမရတဲ့ စစ်အာဏာရှင် ၀ါဒမျိုး မရှိရအောင် စစ်ဘက်ကို တိုင်းပြည်လွှတ်တော်က အုပ်စိုးခွင့်ရှိရမယ်” ဟုလည်း ဒီမိုကရေစီဖွံ့ဖြိုးရေး အားကောင်းနေရေးအတွက် ဆောင်သင့်ရှောင်သင့်သည်တို့ကို ထောက်ပြပါသည်။
ဒီမိုကရေစီနည်းလမ်းကို ကျင့်သုံးသည်ဆိုလျှင် လူ့အခွင့်အရေး ဖွံ့ဖြိုးမှုလည်း မုချရှိလာရပေမည်။ ဗိုလ်ချုပ်သည် လူ့အခွင့်အရေးနှင့် ပတ်သက်၍ မည်သို့ရည်ရွယ် ထားပါသနည်း။ “နောက် လွတ်လပ်စွာဖော်ပြခွင့်၊ စည်းရုံးခွင့်၊ အစည်းအဝေးခေါ်ခွင့်နဲ့ စီတန်းလမ်းလျှောက်ခွင့်၊ လွတ်လပ်စွာတွေးတောခွင့်၊ ကိုးကွယ်လိုရာ ကိုးကွယ်ခွင့်၊ တရားနှင့်မညီသော အဖမ်းအဆီး အချုပ်အနှောင် ကင်းလွတ်ခွင့်၊ လူတိုင်း ပညာသင်ကြားနိုင်ခွင့်၊ အခမဲ့ ဆေးဝါးအကူအညီ ရရှိခွင့်၊ မတရားသဖြင့် စီးပွားချုပ်ချယ်မှုများမှ လွတ်ကင်းချမ်းသာခွင့်၊ အလုပ်သမား လယ်သမားများ၏ အနည်းဆုံး အခွင့်အရေးများကို အစိုးရက စောင့်ရှောက်ပေးခြင်း၊ တိုင်းပြည်တွင် တိုင်းရင်းသားလူမျိုးတိုင်း ကိုယ့်ဘာသာ၊ ကိုယ့်ဓလေ့၊ ကိုယ့်ယဉ်ကျေးမှုအတိုင်း ဆောင်ရွက်နိုင်ခွင့်၊ အိုနာစာ အထိအခိုက် လျော်ကြေးရန်ပုံငွေ မရှိသည်တို့ကို အစိုးရက ထားပေးပြီး၊ အိုမင်း၍လည်းကောင်း၊ နာဖျား၍လည်းကောင်း၊ ထိခိုက်နာကျင်၍ အသက်မွေးဝမ်းကျောင်း မပြုစွမ်းနိုင်သူများသည် အစိုးရ၏ အထောက်အပံ့ကို ရရှိခွင့် ဒီမိုကရေစီ အခွင့်အရေးမျိုးတွေလည်း ရှိရမယ်”
အစိုးရအဖွဲ့ တာဝန်ကို လွတ်လပ်သော နိုင်ငံတော်တွင် ဗိုလ်ချုပ်တို့သာ အုပ်ချုပ်ခွင့်ရပါက ဤကဲ့သို့ လူ့အခွင့်အရေးများ ရှိနေရမည်။ အစိုးရကိုယ်တိုင် သတ်မှတ်ပြဋ္ဌာန်း ပေးသွားရမည်ကို ဗိုလ်ချုပ်က အတည်ပြု ပြောကြားသွားခြင်းပင်။
“အထက်ပါ အချက်တွေဟာ ဒီမိုကရေစီဝါဒရဲ့ စံတွေပဲလို့ ယူဆတယ်။ ဒီလို အခြေခံတရားတွေကို ရည်ရွယ်ရင်းရှိတဲ့ အဖွဲ့အစည်းဟာလည်း ဒီတရားတွေနဲ့ညီတဲ့ အများဆန္ဒအရ ရွေးကောက်ခြင်း၊ ဆုံးဖြတ်ခြင်း၊ ဆောင်ရွက်လုပ်ကိုင်ခြင်း စတဲ့နည်း စနစ်မျိုးသာ သုံးရပေလိမ့်မယ်”။ ယင်းကား ပြောသည့်အတိုင်းလုပ်သည့် ဗိုလ်ချုပ်အောင်ဆန်း လက်ခံယုံကြည်သည့် ဒီမိုကရေစီကျင့်စဉ်၏ အနှစ်သာရ အသီးအပွင့်များပေတည်း။

(ယခုဖော်ပြထားသောမှတ်တမ်းတင်ဓာတ်ပုံနှင့်စာသားများအား http://www.myanmarlatestnews.com/archives/58533 မှကူးယူဖော်ပြထားခြင်းဖြစ်သည်)

0 comments:

Post a Comment