ပညာဆိုသည်မှာ စာအုပ် စာတမ်းဖတ်၍ စာသိမှုကို ပညာဟု မဆိုပေ။ ပညာသည်
“အတိုင်းအဆ” မထင်။ အလွန် ကျယ်ပြော နက်နဲလှပေသည်။ ကမ္ဘာရှိ စာအုပ်အားလုံး
ပင်လျှင် ပညာအားလုံးကို လောကပြင်ကျယ် တည်းဟူသော ကျောင်းကြီး၌ ကျွန်ုပ်
တို့သည် ပုခက်တွင်းထဲမှသည် မြေကြီးထဲသို့ ရောက်သည်အထိ ပညာသင်သားများ
ဖြစ်နေကြစေသည်။
ထို့ကြောင့် ပညာသင်ကြားခြင်းသည် အမှန်စင်စစ်အားဖြင့် လူ၏ တသက်ပန်တွင်
ကုန်ဆုံးသည်ဟု မဆိုနိုင်ပေ။ ပညာတတ်သူသည် လောကရှိ အရာရာကို အခွင့်အလမ်း
အလိုက် ဆင်ခြင်သုံးသပ်နိုင်စွမ်းသော ဉာဏ်ပညာကိုလည်းကောင်း၊ မိမိဉာဏ်အမြင်
အရ စိတ်နေစိတ်ထား စိတ်ဓာတ်တို့ကိုလည်းကောင်း၊ (Emotion Of The Education)
ပြုပြင် ပြုစုစီမံ ထားခဲ့သူသာလျှင်ဖြစ်သည်။ ဘီ-အေပင် အောင်စေကာမူ၊ ပါရဂူဘွဲ့ကြီးပင်
ရစေကာမူ၊ ပထမကျော်ကြီးပင် ဖြစ်စေကာမူ၊ အသက်အရွယ် မည်မျှပင် ကြီးရင့်စေကာမူ
ပညာဆိုသော သဘာဝအဓိပ္ပာယ်ကို ကောင်းစွာ သုံးသပ် နားလည်ခြင်း မရှိခဲ့သော်
တကယ် အရာမရောက်၊ အသုံးမဝင်နိုင်ပေ။ ပညာသည် စာအုပ်ထဲ၌သာ ရှိသည်
မဟုတ်။ စာအုပ်များထက် ကျော်၍ မြင်စွမ်းနိုင်ခြင်းကို ဆောင်နိုင်ရပေမည်။
ပညာသည် လူ၏ ဉာဏ်ကိုသာ ပြုပြင် တိုးချဲ့ရုံသာ မဟုတ်။ လူ၏ စိတ်နေစိတ်ထား
အယူအဆများကိုလည်း တိုးတက်စေရမည်။ လူ၏ ဆန္ဒအား၊ လုပ်အားကို နူးညွတ်
စေရမည်။ ရာဇဝင် သိရုံသာ မဟုတ်။ ရာဇဝင်ကို ဖန်တီးနိုင်ရမည်။ လောကဓာတ်
ပညာကို သိရုံသာ မဟုတ်။ လောကဓာတ်ပညာကို တိုးချဲ့နိုင်စေရမည်။
ပထမ ပညာကို သိရုံသာ မဟုတ်။ မြေသစ်၊ ရေသစ် တောတောင်တို့ကို ရှာဖွေ
စုံစမ်းနိုင် စွမ်းစေရမည်။ လောက အကြောင်းကို နားလည်စေရုံသာ မဟုတ်။
သည်ထက်ကောင်း
သော လောကကို ဖန်ဆင်းနိုင်စေရမည်။
ဤကား ပညာ၏ သရုပ် အကျဉ်းမျှပင်တည်း။
ပညာသည် ကာလ၊ ဒေသ၊ ပယောဂနှင့် ယှဉ်ရမည်။ လောက၌ လက်တွေ့ အသုံးလည်း
ကျရမည့် ပညာတွင် သညာလည်း ပါသည်။ ဉာဏ်နှင့်လည်း ယှဉ်ရမည်။ ဉာဏ်ချည်းသာ
တိုးတက်၍ “သညာ”မရှိပါမူလည်း ဤမျှ ပိုမိုဆန်းကြယ် အပြောကျယ်လှသော ခေတ်သစ်
အကြောင်းကို နားမလည်နိုင်ပေ။ လောကဓာတ် ပညာကို မတတ်မသိပဲ လောကဓာတ်
ပညာဉာဏ်ကိုသာ ရလျှင် လောကဓာတ်ပညာ၏ တန်ဖိုးကို တင်းပြည့် မသုံးနိုင်ပေ။
တိုင်းပြည်အခြေအနေ ပြဿနာ၊ ခေတ်အခြေအနေနှင့် မယှဉ်ပါမူ တိုင်းပြည်ထောင်ခြင်း၊
ခေတ်ပြင်ခြင်း မပြုနိုင်ပေ။ မွေးကတည်းက သေသည်အထိ အယူဝါဒ အပြောင်းအလဲ
မရှိသူသည် ပညာတတ်သည်ဟု မဆိုနိုင်ပေ။
လူတယောက်၏ သက်တမ်းတွင် ဘဝ ပထမက သိမြင်လာသော စိတ်နေစိတ်ထား
ဝါဒတို့သည် အမှန်ချည်း မဟုတ်။ ပြုပြင် ပြောင်းလဲရမည်သာတည်း။
ယနေ့ အယူအဆနှင့် မနက်ဖြန် အယူအဆတို့မှာ တူချင်မှ တူပေမည်။ အမှန်ကား
လူတဦး၏ တဘဝတွင် အကျွန်ုပ်တို့သည် အယူဝါဒ ပြောင်းလဲခြင်းများကို တွေ့သော
အခါ ထိုလူသည် သမာဓိ မတည်၊ ရှေ့နောက်မညီဟု ထင်မှတ် မှားလေသည်။
သမာဓိ မတည်ခြင်းမှာ ကိုယ်ကျင့်တရား ဖောက်လွဲဖောက်ပြန် ဖြစ်ခြင်းပင်တည်း။
ဝါဒပြောင်းလဲမှုမှာ ဉာဏ်အမြင်၏ ပြောင်းလဲမှုကြောင့်ဖြစ်သည်။
သမာဓိ မတည်ခြင်းမဟုတ်ပေ။ တနည်း တိုးတက်ခြင်းပေတည်း။
(ဗိုလ်ချုပ် ကိုယ်တိုင်ရေး မှတ်တမ်းမှ နုတ်ထုတ်သည်။)
(ယခုဖော်ပြထားသောအကြောင်းအရာများအား http://www.saturdaynightreadingclub.org/2014/03/blog-post_1968.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
0 comments:
Post a Comment