အခုရက်ပိုင်း ဖေ့စ်ဘုတ်ကြည့်ရသည်မှာ စိတ်ညစ်ညူးစရာ အလွန်ကောင်းလှသည်။
မခံချင်စိတ်၊ အမျိုးချစ်စိတ်တို့ကြောင့် ရင်တစ်ခုလုံး ဆူပွက်နေသကဲ့သို့
ခံစားနေရ၏။ ဆူသောသွေးတို့က ဦးခေါင်းကိုတက်ဆောင့်နေသဖြင့် ခေါင်းက
သိပ်မကြည်ချင်။ ကွန်ပြုတာမှခွာပြီး အိမ်ရှေ့ဝရံတာတွင် ဂျာနယ်တစ်စောင်
ထိုင်ဖတ်နေမိသည်။
စိတ်အတွေးများက
ဂျာနယ်သို့ အာရုံမရောက်၊
စာလုံများမှာလည်း မြင်တစ်ချက် မမြင်တစ်ချက်။ ကိုယ်ဖတ်နေသည့် ဂျာနယ်ကို
ယခုမှသေချာကြည့်မိ၏။ ဇွန်လဒုတိယအပတ်ထုတ် ဟော့တ်နယူး ဂျာနယ်။
စာမျက်နှာများကိုလှန်ရင်း ဗိုလ်ချုပ်ပုံကိုတွေ့ရသဖြင့် လူမှာ ဆတ်ကနဲ
ဖြစ်သွားရသည်။ လက်ရှိအဖြစ်အပျက်များကို ဗိုလ်ချုပ်အား
ရင်ဖွင့်ပြနေချင်မိသည်။ ဖခင်တစ်ယောက်အား သားဖြစ်သူက ၀မ်းပမ်းးတနဲ
ရင်ဘတ်ထဲခေါင်းထိုးကာ ပြောပြသလို ပြောပြနေချင်ပါသည်။
ဗိုလ်ချုပ်များသာရှိလျှင် ဘယ်ကလောက်များ
ကောင်းလိုက်ပါလိမ့်မည်နည်း။
စာမျက်နှာပေါ် အကြည့်ပြန်ရောက်၏။ "လင်းသက်နိုင်" ၏ ''သူဟာတကယ့်လူ" ဟူသော
ဆောင်းပါပင်။ ဆောင်းပါးဖတ်ရင်း စိတ်တက်ကြွလာသည်။ ဗိုလ်ချုပ်ကို
ကြည်ညိုစိတ်ကြောင့် လူမှာလန်းဆန်းလာသလို
ခံစားရသည်။......"လူမှုရေးနယ်ပယ်အသီးသီးတွင် တားမြစ်ထားသော
စည်းကမ်း၊ဥပဒေများကို မိမိတို့၏ဖခင်၊ ဘကြီး၊ ဦးလေးတော်စပ်သူတို့၏
ရာထူးဂုဏ်ရှိန်၊လုပ်ပိုင်ခွင့်တို့ကို အသုံးချပြီး လွယ်လွယ်နှင့်
ကျူးလွန်ပစ်ခဲ့ကြသည်။ ဥပဒေအရ အရေးယူမည်လုပ်သောအခါ ဘယ်လူကြီးနှင့်
ဘယ်လိုပတ်သက်ပါသည်ဟူသော အသုံးအနှုံးများဖြင့် ကာကွယ်ပြီး
လွတ်မြောက်သွားကြ၏။ ယုတ်စွအဆုံး အောက်ခြေရပ်ကွက် အုပ်ချုပ်ရေးမှူး၏ သားအထိ
ထိုအခွင့်အာဏာကို
အသုံးချလေသည်။".........
ထိုဆောင်းပါးပါ ဗိုလ်ချုပ်အကြောင်းလေးတစ်ခုကို အချုပ်တင်ပြရသော်၊
ဗိုလ်ချုပ်အိမ်ကုန်းပေါ်မှ ဗိုလ်ချုပ်နှင့် ဒေါ်ခင်ကြည်တို့ စီးနင်းလာသော
ဝက်စလေ နက်ပြာရောင် ကားလေးဆင်းလာနေသည်။ လုံခြုံရေးအရာရှိတပ်မှူးက ဂိတ်ဝရှိ
ရဲဘော်ကို ဗိုလ်ချုပ်၏ကားအား တားခိုင်းထား၏။ ဗိုလ်ချုပ်က ဘာကြောင့်တားသလဲဟု
ရဲဘော်အားမေးရာ၊ လုံခြုံရေးတပ်မှုးက ဖုန်းဆက်ပြီး
လှန်းတားခိုင်းကြောင်းပြောပြသည်။ တပ်မှူးရောက်လာသော် ဗိုလ်ချုပ်က မေး၏။
တပ်မှူးက အဖြေပြန်မပေးသေးပဲ ကားရှေ့သို့ လျှောက်သွားပြီး ကားခေါင်းထိပ်
အလံတိုင်မှ စစ်ဝန်ကြီးရာထူး၊ စစ်သေနာပတိရာထူး၊ မေဂျာဂျင်နရယ် ရာထူးဟူသော
ရာထူးအလိုက်တပ်ဆင်ထားသော အလံသုံးဆင့်စလုံးကို ဖြုတ်ယူကာ ပြန်လှည့်လာပြီး
ကားပြတင်းဝမှ ဗိုလ်ချုပ်လက်ထဲသို့ ရိုရိုသေသေ ပေးအပ်လေသည်။ ထိုအချိန်က
ဗိုလ်ချုပ်မှာ ဘန်ကောက်လုံချည် တပတ်နွမ်း၊ ရှပ်လက်ရှည်အကီင်္ျကို
ဝတ်ဆင်ထားလေ၏။..."ဗမာ့တပ်မတော်ရှိ အရာရှိများသည် မိမိတို့အဆင့်အတန်းအလိုက်
ရရှိသော မော်တော်ကားအလံများကို စစ်ဘက်ယူနီဖောင်းမ၀တ်ဆင်ပဲ
တပ်ဆင်သွားလာခြင်း မရှိစေရ၊ အရပ်ဖက်အ၀တ်အစားဖြင့် သွားလာနေစဉ်
မတပ်ဆင်ရ"...အမိန့်ကို ဗိုလ်ချုပ်က သတိရသွားပြီး အ၀တ်အစားနှင့်
အလံများကိုငုံ့ကြည့်ကာ တဟားဟားဖြင့်
သဘောကျသွားသည်။၎င်းနောက်..ကဲ..ငါသွားလို့ရပြီလား..ဟုမေးကာထွက်သွားပုံနှင့်
လုံခြုံရေးတပ်မှူးက အလေးပြုပြီး ကျန်ရစ်ခဲ့ပုံတို့ကို ရေးထားခြင်း
ဖြစ်ပါသည်။
လူတော်တော်များများလည်း ထိုအကြောင်းကို သိပြီးဖြစ်ပါလိမ့်မည်။
ကျွန်တော်လည်း အခါများစွာ ဖတ်ပြီးဖြစ်ပါသည်။ ဖတ်တိုင်းဖတ်တိုင်း၊
ကြားတိုင်းကြားတိုင်း ပီတိဖြင့် ကြက်သီးထအောင် ခံစားရပါသည်။
ဒီတစ်ခါတွင်လည်း ဗိုလ်ချုပ်ကိုကြည်ညိုစိတ်ဖြင့် စဉ်းစားနေမိပြန်သည်။
ယခုတစ်ကြိမ်တွင် အခြားအမြင်တစ်မျိုးဖြင့် တွေးမိပါသည်။ တစ်ခါမှ
အခုလိုမတွေးခဲ့မိဘူးတာ ၀န်ခံလိုပါ၏။ ဗိုလ်ချုပ်လို
ခေါင်းဆောင်ကောင်းအကြောင်းမှာ ထူးထွေပြောစရာပင်မလို၊ ချွင်းချက်မရှိ
လူတိုင်းလက်ခံပါသည်။ သည်လိုခေါင်းဆောင်မျိုး အစားထိုးပြန်မရနိုင်သည်မှာ
ယုံမှားသံသယ ဖြစ်ဘွယ်မရှိ။ ကျွန်တော်တို့ သတိမထားမိသည်က ခေါင်းဆောင်ကောင်း၏
နောက်လိုက်ကောင်း။ ဟုတ်ပါသည်၊ ၄င်းလုံခြုံရေးတပ်မှူးလို
နောက်လိုက်ကောင်းရော၊ ကျွန်တော်တို့ အစားထိုးရနိုင်ပြီလော။ ထို အညတြ
တပ်မှူးကို ကျွန်တော်တို့ အမည်ပင် မသိကြပါ။ စည်းကမ်းနှင့် တာဝန်သိစိတ်ကို
ကျေကျေပွန်ပွန် ထမ်းဆောင်ပြသွားခဲ့ပါသည်။ တွေးရင်းတွေးရင်း လွမ်းလှပါ၏။
ဗိုလ်ချုပ်ကိုလည်း လွမ်းသည်၊ တာဝန်သိ တပ်မှူးကြီးလည်းလွမ်း၏။ အလွမ်းဆုံးက
ဘယ်သောအခါမှ ပြန်မရနိုင်တော့သော ရှေးလူတို့၏ စိတ်ဓာတ် ဖြစ်သည်။
ခေါင်းဆောင်ကောင်းကို မျှော်လင့်ရင်း၊ ကျွန်တော်တို့
နောက်လိုက်ကောင်းဖြစ်အောင်
အယင်ကြိုးစားကြပါစို့ဗျာ.....................................................
(ဗဟုသုတစုံလင်သော ညီတော်၊နောင်တော်များ ထိုတပ်မှူးကြီးအကြောင်းသိကြလျှင်
ပြည့်ပြည့်စုံစုံ သိရှိလိုပါသည်၊ ဝေမျှပါခင်ဗျာ)
.........................
(ယခုဖော်ပြပါမှတ်တမ်းတင်ဓာတ်ပုံနှင့်အကြောင်းအရာများအား http://kyawhtetwin.blogspot.com/2012/09/blog-post_4261.html မှကူးယူဖော်ပြထားခြင်းဖြစ်သည်)
0 comments:
Post a Comment